Skip to main content

ကိုဗစ်-၁၉ အိုမီခရွန် ဗီဇမျိုးကွဲသစ်ကို သတိထား၍ စောင့်ကြည့်ခြင်း

ကိုရင်မောင်

“ကျန်းမာရေးဝန်ကြီးဌာနက ၁၁-၅-၂၀၂၅ ရက်နေ့ည ၈ နာရီမှ ၁၈-၅-၂၀၂၅ ရက်နေ့ ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၆၁ ခုကိုစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိ” ဆိုတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ အသိပေးထုတ်ပြန်ချက်ကို မေလ ၁၉ ရက်နေ့ည ၈ နာရီမှာ ကြားသိလိုက်ရပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး နှစ်နှစ်ကျော်ကာလမှာ ပထမဆုံးပြန်လည်ကြားသိလိုက်ရတဲ့ ကျန်းမာရေး အချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်ပါတယ်။

အသိပေးထုတ်ပြန်

နောက်ထပ်မေလ ၂၆ ရက်နေ့ ည ၈ နာရီမှာ “မေ ၁၈ ရက် ည ၈ နာရီမှ မေ ၂၅ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၅၄ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ခြောက်ဦးတွေ့ရှိ” ဆိုတဲ့သတင်းကို ထပ်မံကြားသိရပြန်ပါတယ်။ နောက်ထပ်ရက်သတ္တတစ်ပတ်ကျော်အကြာမှာ “မေ ၂၅ ရက်မှ ဇွန် ၁ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိ” ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်သတင်းကို ဆက်လက်ကြားသိရပြန်ပါတယ်။

ဒါ့အပြင် “ဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂၈၅ ခုကို စစ်ဆေးပြီးစီး ခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၂ ဦးတွေ့ရှိ”ဆိုတဲ့ ဖော်ပြပါသတင်းတွေအရ မေလ ၁၁ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် စုစုပေါင်း ၁၀၀ ကျော် တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်လာ တယ်လို့ဆိုနိုင်ပေမယ့် လတ်တလောမှာ မြန်မာနိုင်ငံ မှာဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဟာ မျိုးရိုးဗီဇအသစ်နဲ့ ထပ်မံဖြစ်လာတဲ့ စိုးရိမ်စရာမရှိနိုင်ဆိုတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပါတယ်။ ဒီရောဂါမျိုးဆက်သစ်ဟာ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုမှာ စိုးရိမ်ဖွယ်ရာမရှိပေမယ့် ပတ်ဝန်းကျင်နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနှုန်းမြင့်မားပြီး သေဆုံး သူရှိတဲ့အတွက် ဂရုစိုက်ဖို့လိုပါတယ်။

သတိမူလိုက်နာ

လက်ရှိကာလဟာ ရာသီအကူးအပြောင်း ကာလဖြစ်လို့ ဒီကာလမှာဖြစ်ပွားတတ်တဲ့ ရာသီတုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါစတဲ့ ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါဟာ ပထမရက်သတ္တပတ်မှာ ကူးစက်မှုသုည ဒသမ ၀၄ ရာခိုင်နှုန်း၊ ဒုတိယရက်သတ္တပတ်မှာ သုည ဒသမ ၂၂ ရာခိုင်နှုန်း၊ တတိယရက်သတ္တပတ်မှာ ကူးစက်မှု သုည ဒသမ ၉၆ ရာခိုင်နှုန်း၊ စတုတ္ထ ရက်သတ္တပတ်မှာ ကူးစက်မှု ၁ ဒသမ ၄၄ ရာခိုင် နှုန်းနဲ့ ရာခိုင်နှုန်းတွေ တဖြည်းဖြည်းတိုးလာတာ ဟာ စိုးရိမ်စရာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ချက်တွေ၊ ဆောင်ရန်/ရှောင်ရန်အချက်တွေ ထုတ်ပြန်ပေးနေတာကို ပြည်သူတွေအနေနဲ့ သတိမူလိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိမိတ်ဆွေအသိုင်းအဝိုင်းတွေကြားမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ ကိုက်ခဲတာ၊ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်ခဲ့ကြတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗီဇမျိုးကွဲသစ်ရောဂါ ကူးစက်မှုဟာ မြန်မာတို့ရဲ့ပတ်ဝန်းကျင်မှာ ဖြစ်နေပြီဆိုတဲ့ သတင်းတွေနဲ့အတူ လတ်တလောကျန်းမာရေး ပြဿနာတွေမှာ အိုမီခရွန်လား၊ တုပ်ကွေးလား၊ ဘာလား၊ ညာလာ မဝေခွဲတတ်အောင်ဖြစ်ခဲ့ကြတာ အမှန်ပါ။ ဖြစ်နေတဲ့ရောဂါကို နီးစပ်ရာဆေးခန်း တွေမှာပြသကြတော့ ဆေးခန်းဆရာဝန်က ဖြစ်တဲ့ ရောဂါကို ပျောက်ကင်းအောင်ကုသပေးပြီး အိုမီခရွန်ရောဂါဟာ ပတ်ဝန်းကျင်မှာဖြစ်နေပေမယ့် စိုးရိမ်စရာမရှိပါဘူးလို့ပြောတဲ့အတွက် စိတ်သက်သာ ရာရကြပါတယ်။

ကိုဗစ်နဲ့အတူယှဉ်တွဲ

ဒါပေမယ့်လည်း ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗီဇမျိုးကွဲသစ် ကူးစက်ဖြစ်ပေါ်နေတယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်ထား တာဖြစ်လို့ သတိပြုလိုက်နာ ဆောင်ရွက်ကြရပါမယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ ကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဟာ ဘယ်သောအခါမှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ HIV ဗိုင်းရပ်စ်နဲ့ ဆက်လက်နေထိုင်နေရသလို ကိုရိုနာဗိုင်းရပ်စ်နဲ့နေထိုင်ဖို့ သင်ယူရတော့မှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့ သတိပေးစကားကို သတိပြုမိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ်ကြေညာထားတာကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့်လည်း ကမ္ဘာအနှံ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ အသွင်ပြောင်းမျိုးရိုးဗီဇကွဲအနေနဲ့ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်လို့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေးယဉ်ကျေးမှုကို မိမိတို့အားလုံး တည်ဆောက်ကြရတော့မှာ ဖြစ်ပါတယ်။

ဖြစ်ပွားမှုပြန်လည်မြင့်တက်

မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင် လမ်းညွှန်ပံ့ပိုးမှု၊ တာဝန်သိ ကျန်းမာရေးဝန်ထမ်းတွေ၊ နှီးနွှယ်ဝန်ကြီးဌာနတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူတွေရဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအပါအဝင် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကို အချိန်တိုအတွင်း ကာကွယ် ထိန်းချုပ်နိုင်ခဲ့တာဟာ သမိုင်းတွင်မှတ်တမ်းတင်ရမယ့် ဖြစ်စဉ်တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ရေးထိုး နိုင်ခဲ့ပါတယ်။ ဒီလိုထိရောက်စွာ ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်တာကြောင့် ၁၃-၅-၂၀၂၃ ရက်နေ့ မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူကို နောက်ဆုံးတွေ့ရှိခဲ့ရပြီး ကိုဗစ်နဲ့ ထပ်မံသေဆုံးသူမရှိတော့တာ နှစ်နှစ်ကျော်ကြာသည့်တိုင် ရှိပြီဖြစ်ပါတယ်။

လတ်တလောမှာ ကမ္ဘာ့မီဒီယာတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးဌာန တွေရဲ့ ထုတ်ပြန်ချက်တွေအရ ထိုင်း၊ စင်ကာပူ၊ တရုတ်(ဟောင်ကောင်)နဲ့ တရုတ်နိုင်ငံစတဲ့ ဒေသတွင်းနိုင်ငံအချို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတာကို တွေ့ရှိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း ကြားသိလိုက်ရပါ တယ်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အမြင့်မားဆုံးကာလဟာ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းဖြစ်ပြီး ရောဂါ ဖြစ်ပွားသူ လူနာသစ် ၃၃၀၃၀ ရှိပြီး ဆေးရုံတက်သူ ၁၉၁၈ ဦးနဲ့ သေဆုံးသူ နှစ်ဦးရှိကြောင်း သိရပါတယ်။

ကူးစက်နှုန်းမြင့်မား

ရှေ့ရက်သတ္တပတ်တွေမှာလည်း ရောဂါဖြစ်ပွား သူ လူနာသစ်တွေ၊ ဆေးရုံတက်ရောက်သူတွေနဲ့ သေဆုံးသူတွေရှိကြောင်း သိရပါတယ်။ ရောဂါကူးစက်မှု မြင့်မားရခြင်းအကြောင်းရင်းဟာ ထိုင်းနိုင်ငံမှာ မိုးရာသီကာလစတင်ခြင်း၊ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခြင်းနဲ့ သင်္ကြန်ပွဲတော်လို လူစုလူဝေးနဲ့ ခရီးသွားလာတာတွေများပြားခဲ့တဲ့အကြောင်း တွေကြောင့်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်လို့ သင်ခန်းစာယူ သတိပြုရမှာဖြစ်ပါတယ်။ အဓိကကူးစက်ပျံ့နှံ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲဟာ ကူးစက်လွယ်အိုမီခရွန်အုပ်စုမှ ဆက်လက်မျိုးရိုးဗီဇ ပြောင်းလဲလာတဲ့ JN.1 အုပ်စု၊ ထိုမှဆက်၍ မျိုးရိုးဗီဇပြောင်းလာတဲ့ XEC မျိုးကွဲ အများစုဖြစ်ကြောင်း သိရပါတယ်။ ဗန်ကောက်၊ ချွန်ဘူရီနဲ့ ရယောင်း စတဲ့နေရာတွေမှာ ကူးစက်မှုနှုန်းမြင့်မားပြီး ကလေးတွေမှာ ကူးစက်နှုန်းမြင့်မားတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဟာ မျိုးဟောင်းအနေနဲ့ရော မျိုးသစ်အနေနဲ့ပါ ကမ္ဘာအနှံ့ခြေဆန့်ခဲ့တာမှာ ယခုအခါ အချိန်ကာလအားဖြင့် ငါးနှစ်နဲ့ သုံးလကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အိုမီခရွန်မျိုးကွဲသစ်(XEC)ဟာ ရောဂါပြင်းထန်မှုနည်းပါးသော်လည်း ကူးစက်မှုနှုန်းမြန်ဆန်တဲ့အတွက် သတိထားစောင့်ကြည့် ကာကွယ်ထားဖို့လိုပါတယ်။ XEC မျိုးကွဲရဲ့ အဓိကလက္ခဏာတွေထဲက တစ်ခုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ အဆက်မပြတ် ချောင်းဆိုးတာဟာ ကိုဗစ် XEC အမျိုးအစားရဲ့ နောက်ထပ်ထင်ရှားတဲ့ လက္ခဏာဖြစ်ပါတယ်။ လူနာတွေဟာ မကြာခဏ ချမ်းတုန်ခြင်းနဲ့ ချွေးထွက်ခြင်းတို့နဲ့အတူ အဖျားကြီးခြင်းကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်စောင့်ကြည့်ခြင်းဟာ ဗိုင်းရပ်စ်ကို စောစီးစွာ သိရှိနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဆေးဝါးကုသမှုခံယူ

ကိုဗစ် XEC မျိုးကွဲဟာ အဆုတ်အတွင်း လေအိတ်တွေကို ရောင်ရမ်းစေတဲ့၊ ရောဂါပိုးကူးစက်မှုမြင့်မားတဲ့ အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။ လူနာဟာ ချောင်းဆိုးခြင်းလို လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖျားရောဂါချမ်းတုန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း အဆုတ်ရောင်နာ XEC မျိုးကွဲကြောင့် ဖြစ်ပေါ်လာတဲ့ အထူးသဖြင့် ပြင်းထန်နိုင်ပြီး ဆေးရုံတက်ကုသဖို့နဲ့ အလေးထားတဲ့ကုသမှုတွေ လိုအပ်ပါတယ်။ နာမကျန်းမှုရဲ့ ပြင်းထန်တဲ့အဆင့်မှ ပြန်လည်ကောင်းမွန်လာပြီးနောက်မှာ ကိုဗစ် XEC မျိုးကွဲ ကူးစက်ခံထားရတဲ့လူနာတွေဟာ ရေရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ၎င်းတို့မှာ နာတာရှည် ချောင်းဆိုးခြင်း၊ အဆုတ်လုပ်ဆောင်ချက်လျော့ကျခြင်းနဲ့ အသက်ရှူကျပ်ခြင်းတို့ ပါဝင်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးဝါးကုသမှုဆက်လက်ခံယူဖို့ လိုအပ်ပါတယ်။

ကိုဗစ် XEC မျိုးကွဲကူးစက်ခံထားရရင် အသက်အန္တရာယ်မထိခိုက်ပေမယ့် ခံစားရတဲ့ ဝေဒနာတွေဟာ မနည်းပါဘူး။ အလုပ်ပျက် အကိုင်ပျက်နဲ့ ဆေးဝါးကုသနေရတဲ့ ရောဂါဝေဒနာ ရှင်တစ်ယောက်ဖြစ်မှာ သေချာပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ XEC မျိုးကွဲကူးစက်မခံရအောင် ကာကွယ်ကြဖို့လိုပါတယ်။ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရောဂါအခံရှိတဲ့ သက်ကြီးပိုင်းတွေအနေနဲ့ ရောဂါကူးစက်ခံရရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့အထိ အခြေအနေဆိုးနိုင်တဲ့အတွက်ကြောင့် နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလာရင် နီးစပ်ရာကျန်းမာရေး ဆေးခန်း၊ ဆေးရုံကို သတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူ ကြဖို့လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ မျိုးရိုး ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံပေးတဲ့အခါမှာလည်း မပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းအပ်ပါတယ်။ ။