ငယ်စဉ်အခါမှာ ပညာရှာပါ
မောင်ကမ္ဘာ
မုတ်သုံမိုးက ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါးရွာသွန်းလျက်ရှိသည်။ မိုးကြောင့်ပတ်ဝန်းကျင်သည် စိမ်းစိုလန်းဆန်းနေသည်။ ကျောင်းတက်ကျောင်းဆင်းချိန်နှင့် ကြုံကြိုက်ပါက ဝန်းကျင်တစ်ခိုသည် ပို၍ စိမ်းမြသစ်လွင်နေတော့သည်။ သည်မြင်ကွင်းကား အခြေခံပညာကျောင်းများဖွင့်လှစ်ချိန် ဇွန်လရောက်လျှင် တွေ့မြင်နေကျမြင်ကွင်းတစ်ခုဖြစ်သော်လည်း ဘယ်သောအခါမျှမရိုးနိုင်ပါပေ။ စိတ်အစဉ်ကို ကြည်နူးချမ်းမြေ့စေသည်။
ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ခြောက်သန်းနီးပါး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကိုအခမဲ့ပေးဝေပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငယ်စဉ်အခါမှာ ပညာရှာကြရပေမည်။ ပညာခေတ်တွင် ပညာရေးသည် လူတိုင်းအတွက် အရေးပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မိမိတို့နိုင်ငံအလိုက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာကြသည်။
တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကျောင်းသား ကျောင်းသူများကို သိပ္ပံပညာအကြောင်း ပြောပြလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကိုသင်ယူလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကို အသုံးပြုလာနိုင်စေရန်နှင့် တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေးပြီး လက်တွဲခေါ်ဆောင်ပေးလျက်ရှိသည်။
CRI သတင်း၏ အဆိုအရ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့နံနက်တွင် တရုတ်နိုင်ငံစန်းကျန့်မြို့၊ ပေကျင်းမြို့၊ ဟော်ပေပြည်နယ်၊ စန်းတုန်းပြည်နယ်တို့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများကိုယ်တိုင် စမ်းသပ်ပြုလုပ်ထားသော ပထမဆုံး မိုးလေဝသနှင့် အာကာသစူးစမ်းလေ့လာရေးဒုံးပျံ “ဖေးယန့်-၁” (Feiyan-1)ကို ချင်းဟိုင် ပြည်နယ်လန်ဟူမြို့နယ်တွင် အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့သည်ဟုဆိုသည်။ ဒုံးပျံပစ်လွှတ်ပြီးနောက်တွင် မြေပြင်ဂြိုဟ်တုလက်ခံစခန်းမှ ရှာဖွေစုဆောင်းရန်စီစဉ်ထားသည့် မိုးလေဝသအချက်အလက်များကို အောင်မြင်စွာလက်ခံရရှိခဲ့သည်ဟု သိရသည်။
ဖေးယန့်-၁ ၏ တီထွင်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်စတင်ခဲ့ပြီး အဆိုပါအာကာသဝါသနာရှင် အထက်တန်းကျောင်းသားများက ပေကျင်း-ကျင်ရှို့အာကာသနှင့် လေကြောင်းသိပ္ပံ နည်းပညာအခြေစိုက်စခန်းသို့ သွားရောက်လေ့လာဆည်းပူးခဲ့ကြပြီး အစီအစဉ်များ ဆန်းစစ်သုံးသပ်ခဲ့ကြကာ ဒုံးပျံ၏ ပဏာမဒီဇိုင်းကို ပြီးမြောက်အောင်ရေးဆွဲခဲ့ကြသည်။
ယင်းနောက် သက်ဆိုင်ရာကျောင်းများသို့ ပြန်သွားခဲ့ကြပြီး ကျောင်းပြင်ပအချိန်ကို အသုံးချကာ ဒုံးပျံစမ်းသပ်ထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းလုပ်ငန်းစဉ်များနှင့်အညီ ဒုံးပျံဒီဇိုင်းရေးဆွဲမှု၊ လက်တွေ့စမ်းသပ်မှု၊ အချောသပ်မှု၊ စုပေါင်းမှု၊ တပ်ဆင်မှုနှင့် စမ်းသပ်စစ်ဆေးမှုတို့ကို ပြီးမြောက်သည်အထိ စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။
စန်းကျန့်မြို့ ယန့်ချွမ်းအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ ဝမ်ယွိနင်က ဒီဇိုင်နာချုပ်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။ ဝမ်ယွိနင်သည် ငယ်စဉ်ကတည်းက ဒုံးပျံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စူးစမ်းလိုစိတ်ရှိပြီး လေကြောင်းအာကာသ အသိပညာများကို စနစ်တကျ လေ့လာဆည်းပူးခဲ့သည်။ ယန့်ချွမ်းအထက်တန်းကျောင်းလေကြောင်းနှင့် အာကာသဆိုင်ရာ အထူးပညာသင်ကြားရေးစနစ်၏ အားပေးမှုနှင့်အတူ အာကာသအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒုံးပျံဒီဇိုင်း ရေးဆွဲမှု၊ လောင်စာဖော်စပ်မှု၊ လေကြောင်းအီလက်ထရောနစ်ထိန်းချုပ်ရေး စသည့်အသိပညာများကို သင်ယူခဲ့သည်ဟုဆိုသည်။
ဖေးယန့်-၁ အာကာသစူးစမ်းလေ့လာရေးဒုံးပျံသည် တရုတ်နိုင်ငံနေရာဒေသအနှံ့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများ ကိုယ်ပိုင်သဘောဆန္ဒဖြင့် စတင်ခဲ့သည့် အာကာသသိပ္ပံတီထွင်မှု စီမံကိန်းတစ်ခုဖြစ်ပြီး ဒုံးပျံပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် အထက်တန်းကျောင်းသားများ ကိုယ်တိုင်တီထွင်ပြုလုပ်ခဲ့ကြသော ပထမဆုံးအာကာသစူးစမ်းလေ့လာရေးဒုံးပျံဖြစ်ကြောင်း သိရသည်။
ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းကျောင်းများ နှစ်စဉ်ဖွင့်လှစ်
မြန်မာနိုင်ငံတွင်လည်း ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(လေ)က လေကြောင်းလူငယ်သင်တန်းများကိုလည်းကောင်း၊ တပ်မတော်(ရေ)က ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာ များဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရေကြောင်းလူငယ်သင်တန်းများကို လည်းကောင်း နှစ်စဉ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
အိမ်နီးချင်း လာအိုနိုင်ငံတွင်လည်းပညာရေး၏ တန်ဖိုးကိုမြှင့်တင်ရန်၊ ကျောင်းထွက်နှုန်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်း အခြေခံပညာသင်ကြားခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ပညာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသည် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်းကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။
ကျောင်းတက်ရခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရန်နှင့် ပညာရေးသည် လူမှုဘဝအတွက်ရော လုပ်ငန်းခွင်အတွက်ပါ အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို လာအိုပြည်သူများ နားလည်ပြီး လက်ခံလာအောင် တိုက်တွန်းလှုံ့ဆော်နိုင်မည့် ဗီဒီယိုတစ်ခုဖန်တီးနိုင်ရန် ဇာတ်ညွှန်းရေးသားခြင်းနှင့် ပုံပြောခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။
ပညာရေး၏တန်ဖိုးနှင့်ပတ်သက်၍ ဘဝဇာတ်ကြောင်းများ
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့မူ ငယ်စဉ်တောင်ကျေးကလေးဘဝကပင် ပညာရေး၏ တန်ဖိုးနှင့်ပတ်သက်၍ ငယ်စဉ်အခါမှာပညာမရှာခဲ့၍ ကြီးခါမှခွက်လက်စွဲကာ တောင်းရမ်းစားသောက်နေရသော ဗာရာဏသီပြည်မှကုဋေရှစ်ဆယ်သူဌေးသားတစ်ဦး၏ ဘဝဇာတ်ကြောင်း၊ မြတ်စွာဘုရားရှင် လက်ထက်တော်ကာလက ပထမအရွယ်တွင် လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်ပါက လောကီအရာတွင် ပထမတန်းထိပ်တန်းသူဌေးကြီး၊ လောကုတ္တရာနယ်ပယ်တွင် ကိလေသာအာသဝေါ တရားကင်းစင်သော ရဟန္တာအရှင်မြတ်အဖြစ်လည်းကောင်း၊ ဒုတိယအရွယ်တွင် အသိတရားရပြီး ကြိုးစားအားထုတ်ပါက လောကီအရာတွင် ဒုတိယတန်းစားသူဌေး၊ လောကုတ္တရာနယ်ပယ်တွင် အနာဂါမ်၊ သကဒါဂါမ်အဖြစ်လည်းကောင်း၊ တတိယအရွယ်တွင်လည်း အချိန်မနှောင်းမီကြိုးစားခဲ့ပါက လောကီအရာတွင် တတိယတန်းစားသူဌေးတစ်ဦး၊ လောကုတ္တရာနယ်ပယ်တွင် သောတာပန်ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်းကောင်း လောကီ၊ လောကုတ္တရာနှစ်ဝနှစ်ဌာနတွင် တစ်ဖက်ဖက်က အကျိုးများ နိုင်ဖွယ်ရှိမည်ဖြစ်သော်လည်း အရွယ်သုံးပါးလုံးကို အချည်းနှီးကုန်ဆုံးခဲ့သဖြင့် အရွယ်လွန်အချိန်နှောင်းကာ အသက် အရွယ်ကြီးမြင့်ချိန်ရောက်မှ ခွက်လက် စွဲကာ တောင်းရမ်းစားသောက်ခဲ့ရသော အဘိုးအို ဇနီးမောင်နှံနှစ်ဦးတို့၏ ဘဝဇာတ်ကြောင်းတို့ကို လေ့လာမှတ်သားခဲ့ကြဖူးပေမည်။
မျက်မှောက်ခေတ်တွင်လည်း ပညာသည် လူသားတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်၍ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိမိသားစုနှင့် လူမှုအဖွဲ့အစည်းအားအကျိုးပြုရန်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ငယ်စဉ်အခါကတည်းက ပညာရှာကြရလေသည်။ ပညာသင်ကြားကြရပေသည်။ ဘဝတက်လမ်းအမြင့်သို့ တက်လှမ်းလိုသူတိုင်းအဖို့မူလည်း ပညာရေးနောက်ခံကောင်းမှ၊ ပညာတတ်မှ၊ ပညာရှိမှ လိုရာခရီး ပန်းတိုင်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်း၊ ကျောင်းအပ်နှံမှုနည်းပါးလာခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ကြသော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံကြီးများအဖို့မူ ပညာရေး၏တန်ဖိုးကို ဖွံ့ဖြိုးဆဲနိုင်ငံများထက် ဆယ်စုနှစ်များစွာရာစုနှစ် နီးပါးစောစီးစွာ နားလည်သဘောပေါက်ခဲ့ကြပြီး လက်ရှိပညာရေးစနစ်ကိုလည်း ခေတ်နှင့်လျော်ညီစွာ အထပ်ထပ်မွမ်းမံ တည်ဆောက်ခဲ့ကြ၍ ယနေ့ကမ္ဘာတွင် ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ရယူနိုင်ခြင်းဖြစ်ပေသည်။
သို့ဖြစ်၍ ပညာခေတ်တွင် ကျောင်းသား လူငယ်မောင်မယ်များသာမက ကျောင်းသားမိဘများကိုယ်တိုင် ပညာရေး၏တန်ဖိုးကို နားလည်သဘောပေါက်ကာ မိမိတို့ရင်သွေးငယ်များ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မပျက်မကွက် ပညာသင်ကြားသင်ယူနိုင်ရေးအပေါ် အလေးထား အားပေးဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။