Skip to main content

ကျောင်းအပ်နှံရေး ကျောင်းတက်ရေး သားသမီးပညာရေး ပို၍တွေး ….

ဒေါက်တာမောင်ကျော်

ပါမောက္ခချုပ်(ငြိမ်း)

ပညာရေးစီမံကိန်းတစ်ခု

၁၉၅၂ ခုနှစ်ကတည်းက ပြည်ထောင်စုတစ်ဝန်း လူမှုဘဝမြင့်မားရေး ပညာရေးစီမံကိန်းတစ်ခုထဲက တစ်နိုင်ငံလုံး စာအရေး၊ အဖတ်၊ အတွက်အချက်တတ်ဖို့ အားထုတ်ခဲ့တာဟာ ယနေ့အချိန်အခါအထိ ဖြစ်ပါတယ်။

မူလတန်းပညာကို သင်ခွင့်မရခဲ့တဲ့ ကျောင်းနေအရွယ်ကလေး သူငယ်အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြီးမားခဲ့ပါတယ်။ ဂဏန်းမသင်လာဘ်မမြင်သူတွေ၊ စာမတတ် စာမဖတ်နိုင်သူတွေ ပေါများခဲ့ရပါတယ်။ ယနေ့ခေတ်အချိန်အခါမှာတောင် အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းဆိုတော့ တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံဟာ အလယ်တန်းပညာကို လက်လှမ်းမမီလေရော့သလား၊ စဉ်းစားစရာဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်စေ ဒီကိန်းဂဏန်းတွေဟာ စိတ်ချောက်ချား ဖွယ်ဖြစ်နေပါတယ်။ အသက်အရွယ်အရ သင်ယူရမယ့်ပညာရေးဟာ တစ်ခါက အဟောသိကံဖြစ်ခဲ့ရတာကို ယနေ့သင်ခန်းစာယူကြရလိမ့်မယ်။

ခေတ်အဆက်ဆက် မြန်မာ့ပညာရေးဟာ မညံ့ခဲ့ပါဘူး။ သင်ရိုးအဆင့်တွေဟာလည်း နိုင်ငံတကာနဲ့ မယှဉ်နိုင်တောင် အရှေ့တောင်အာရှကို ကောင်းကောင်း ယှဉ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ပညာသင်စရိတ်ဟာ အခမဲ့ပါပဲ။ ထောက်ပံ့စာအုပ်စာတမ်းဆိုတာဟာလည်း ကျောင်းတက်မယ့် သူအားလုံးအတွက် ဖူလုံနေပါတယ်။ နိုင်ငံရဲ့သားငယ်၊ သမီးငယ်ဆယ်ကျော်သက်တွေ ကျောင်းဖွင့်ရာသီမှာ ကျောင်းတက်ဖို့ တိုက်တွန်းတာကြောင့် ခေါင်းလောင်းသံတညံညံနဲ့ ကျောင်းတွေဟာ လှုပ်လှုပ် ရှားရှားရှိခဲ့ပါတယ်။ ကျောင်းသားဦးရေဟာလည်း မြင့်သထက်မြင့်လာပေမယ့် ရာနှုန်းပြည့်မဖြစ်သေးတော့ နိုင်ငံအနေနဲ့ အားမလိုအားမရ ဖြစ်ရတာအမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ စာတတ်ပေတတ် ပညာတတ်တွေပေါများမှ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေးတွေကို မယ်မယ်ရရလုပ်နိုင်မှာဖြစ်လို့ ကျောင်းတက်ဖို့၊ ကျောင်းထွက်နှုန်းနည်းဖို့ နိုင်ငံတစ်ဝန်း အာပေါက်အောင်ပြောရ၊ လူကြီးတွေကိုယ်တိုင် နေရာအရောက် ထောက်ပံ့နေတာတွေမြင်ရတော့ ကြည့်မကောင်း ရှုမကောင်းဖြစ်ရပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွေ၊ မြှင့်တင်မှုတွေအရ ပညာရေးပြက္ခဒိန်မှာ မေလနဲ့ဇွန်လအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်၊ ဇူလိုင်လမှာ ကျောင်းနဲ့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဩဂုတ်လမှာ ကျောင်းကျန်းမာရေးသီတင်းပတ်ရယ်လို့ ပညာရေးအစီအစဉ်တွေရေးဆွဲပြီး ဆရာကျောင်းသားအပေါင်းဟာ တက်ကြွစွာလုပ်ဆောင်နေကြတာတွေမြင်ရပါတယ်။ ပညာရေးပြက္ခဒိန်မှာ ဘာကြောင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလနဲ့ ဇွန်လအတွင်း သတ်မှတ်ပြီး သိုက်သိုက်ဝန်းဝန်းဆောင်ရွက်ရသလဲဆိုရင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေချင်လို့ပါပဲ။ တစ်နိုင်ငံလုံးရေးတတ်၊ ဖတ်တတ်၊ ဂဏန်းသင်္ချာတွက်တတ်ဖို့ ဖြစ်ပါတယ်။ ဘဝကို အစစ်အမှန် ထိန်းကျောင်းနိုင်တာတစ်ခုက အနိမ့်ဆုံး KG + 9 ပညာလောက် အခြေခံပညာလောက်တတ်မှဖြစ်မယ်။ ဘယ်နိုင်ငံက ပညာရှင်ကို မေးမေး ဒီအဖြေကို ပေးလိမ့်မယ်။

င်ခန်းစာတွေဟာ ခက်လို့၊ သင်တဲ့နည်းတွေဟာ ဟန်မကျလို့၊ ကျောင်းကဝေးလို့၊ စစ်ပွဲရှောင်နေရလို့၊ ဘာလို့ညာလို့ဆိုပြီး အမျိုးမျိုးသော ဆင်ခြေတွေနဲ့ ကျောင်းတက်သူ၊ ကျောင်းအပ်နှံသူအရေအတွက် အမြင့်ဆုံးသို့ မရောက်ဖြစ်နေပါတယ်။ ပညာစီးပွားခေတ် (Knowledge economy) မှာ ကျောင်းသား လူငယ်တွေ စာမသင်၊ ပညာမသင်လို့ ကတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောဖွယ်ရာမလိုတော့ ပြီ။ အုပ်ထိန်းသူကဖြစ်စေ၊ မိဘကဖြစ်စေ သူ့ကလေးပညာရေးအတွက် ကလေးကို ကျောင်းလာအပ်တယ်ဆိုရင်ပဲ ရပ်ရွာရဲ့ကျောင်းဟာ ဥပစာ ဖြစ်လာပါတယ်။

ကျောင်းဟာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်တယ်။ အသိဉာဏ်ကို မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပေးတယ်။ လူ့ဘဝနဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တာဟာလည်းကျောင်းပဲ။ စာသင်ကျောင်းက အစပြုလိုက်တဲ့ လောကနီတိ ကျင့်ဝတ်တွေကသာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းများကို မွေးထုတ်ပေးရာရောက်တယ်။ စိန်ခေါ်မှုကို ဉာဏ်နဲ့ယှဉ်ပြီး ရင်ဆိုင်နိုင်ကျော်လွှားနိုင်ဖို့ စွန့်စားကြရလိမ့်မယ်။ မစွန့်စားရင် မစားရဘူးလို့ဆိုသလိုပါပဲ။ မြန်မာ့တံခါးကိုဖွင့်၊ ကမ္ဘာကိုကြည့်လိုက်ပါ၊ ဒီနေ့လှုပ်ရှားရမယ့်ကိစ္စဟာ နိုင်ငံသားတိုင်း အရွယ်ရောက်သူကလေးတိုင်းဟာ ခေါင်းလောင်းသံတညံညံနဲ့ ကျောင်းတက်ဖို့ပဲဖြစ်ပါတယ်။

“မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ Lifelong learning ဖြစ်ပါတယ်။ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ဖို့ဖြစ်ပါတယ်။ ကျောင်းလည်းမတက်၊ မိဘရဲ့ လုပ်ငန်းမှာလည်း အထောက်အပံ့မဖြစ်ရင်၊ အနိမ့်ဆုံးမိခင်ရဲ့မီးဖိုချောင်အလုပ်ကို ဝင်မကူဖြစ်ရင်၊ အိမ်ခန်းရှင်းဖို့ ဝင်ရောက်မကူကြရင်၊ ခြေမွေး မီးမလောင်လက်မွေးမီးမလောင် ငယ်စဉ်ဘဝကတည်းက လက်ကြောမတင်းရင် ၂၁ ရာစုမှာ ဝင်ဆံ့ဖို့ဆိုတာ ဝေးစွ၊ ၁၈ ရာစုမှာ ပြန်နေဖို့ ဖြစ်နေလိမ့်မယ်။

ကုန်းဘောင်ခေတ်ကို ပြန်ကြည့်ရင်စစ်ထွက်ကြရင်း ရောက်တဲ့အရပ်မှာ စိုက်ပျိုးမွေးမြူတဲ့ အတတ်ပညာနဲ့ စစ်ပွဲတွေအောင်မြင်ဖို့ ခက်ခက်ခဲခဲ အားထုတ်ခဲ့တဲ့သမိုင်း ရှိခဲ့ပါတယ်။ အဋ္ဌာရဿ ၁၈ ရပ်ကို တတ်မြောက်ကြရတယ်။ ဒါတွေကို ဘုန်းကြီးကျောင်းပညာရေးနဲ့ ဆောင်ရွက်ခဲ့ကြရတယ်။ ၂၁ ရာစုခေတ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီနိုင်ငံရေးတွေဟာ ရှုပ်ထွေးလွန်းလှတော့ အခြေခံပညာလောက်မှ မတတ်မြောက်တဲ့ လူထုဖြစ်နေရင် ဆင်းရဲဒုက္ခတွင်းဟာ နက်သထက်နက်၊ ပြန်တက်ဖို့ ခက်လိမ့်မယ်။

ပြည်တွင်းမငြိမ်မသက်၊ အငြင်းပွားမှုတွေ၊ ဝရုန်းသုန်းကားနဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကလေးသူငယ်ကအစ မိဘတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကဏ္ဍအသီးသီးမှာ တာဝန်ရှိသူတွေဟာ ကိုယ့်နိုင်ငံအနာဂတ်အတွက် ပညာရေးကို ပိုရင်းနှီးမြှုပ်နှံကြမှ၊ ကြီးမားတဲ့တာဝန်ကြီးတွေကို ထမ်းဆောင်နေကြရတယ်လို့ခံယူပြီး သားသမီးအရေး၊ ကျောင်းတက်ဖို့အရေး၊ ပိုတွေးမှတော်ကာကျလိမ့်မယ်။ ကလေးတွေရဲ့ အနာဂတ်အရေး မြော်တွေးပြီး ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒီကြိုးစားမှုကြောင့် ဖြစ်ထွန်းလာမယ့် ကျောင်းနေအရွယ်ကလေးတွေ ရာနှုန်းပြည့်နီးပါး ကျောင်းနေပြီး စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်တဲ့ ကျောင်းသင်ပညာရေးဟာ ဗလငါးတန်အထိ ရှေးရှုနိုင်တာမို့ တန်ဖိုးကြီးလှပါတယ်။ ကျောင်းဟာ အနည်းဆုံးဆိုးသွမ်းလူငယ်မဖြစ်ဘဲ စည်းကမ်းရှိတဲ့သူဖြစ်အောင် လုပ်ပေးတယ်။ ကျောင်းဟာ မဖွံ့ဖြိုးသေးတဲ့ဒေသ ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တယ်။ ဖွံ့ဖြိုးဖို့ဆိုရာမှာ စည်းကမ်းကောင်းမွန်ရေး၊ တရား ဥပဒေလိုက်နာရေး၊ ဆိုးသွမ်းလူငယ်မဖြစ်ရေး၊ ဒုစရိုက်ကင်းတဲ့သူဖြစ်ရေး၊ သိပ္ပံနည်းကျတွေးခေါ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီးပေါကြွယ်ဝရေးထိ အကျုံးဝင်ပါ တယ်။

ပညာဆိုတာ ရှေ့မှာရှိမယ့် ကောင်းကျိုး၊ ဆိုးကျိုးကိုမြင်နိုင်တယ်။ ထွင်းဖောက်မြင်နိုင်တယ်။ အသက်မွေးဝမ်းကျောင်းမှုတွေကို သူကိုယ်တိုင်ရှာဖွေနိုင်စွမ်းရှိလာတယ်။ မြင့်မားတဲ့ ကျွမ်းကျင်မှုတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးနယ်ပယ်တွေမှာ တိုးတက်လာနိုင်တယ်။ နိုင်ငံတစ်ခုကို ပိုလုံခြုံအောင် ပညာရေးက ဆောင်ကြဉ်း ပေးနိုင်တယ်ဆိုတာ ဒါပါပဲ။

ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

ပညာရေးလောကသားအနေနဲ့ “ပညာပေးကာလ” ကုန်လွန်ပြီလို့ ယူဆပြီး ကျောင်းအပ်နှံရေး၊ ကျောင်းတက်ရေး၊ မတက်ရေးထပ်မံမပြောလိုတော့ပြီ။ ကိုယ့်ဘဝ၊ မိသားစုဘဝ၊ နိုင်ငံရဲ့ဘဝကံကြမ္မာကို ကိုယ်တိုင်ကိုယ်ကျ ကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ကျောင်းတက်မှု၊ ကျောင်းအပ်နှံမှုနည်းရင် စာသင်သူ နည်းလိမ့်မယ်။ ဒီလိုဆိုရင်လည်း ဝမ်းမနည်းလေနဲ့၊ ဆရာ ဆရာမများက ပိုထိရောက်တဲ့ သင်ကြားမှုကို ကျောင်းတက်တဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေ ရသွားလိမ့်မယ်။ ငွေကြေးတတ်နိုင်သူတွေက လည်း ပုဂ္ဂလိကကျောင်းတွေမှာ အနည်းဆုံး KG + 9 တတ်မြောက်မှ လူလားမြောက်မယ်ဆိုတာ သိကြတာမို့ သူတို့သားသမီးတွေကို ကျောင်းကို ပို့လိုက်ကြလိမ့်မယ်။ ဒါကြောင့် ထပ်မံပြောရရင် တစ်နိုင်ငံလုံး အခြေခံကျောင်းပေါင်း လေးသောင်းကျော်မှာ ကျောင်းအပ်နှံဖို့၊ ကျောင်းတက်ဖို့၊ ကျောင်းထွက်နှုန်း နည်းဖို့ကိစ္စမှာ ပညာရေးလောက သားတာဝန်ရှိသူတွေက အကောင်းဆုံး၊ အတတ်နိုင်ဆုံး ပြင်ဆင်ပေး ထားပြီး ပံ့ပိုးမှုတွေဟာလည်း ပြောမဆုံးနိုင်ဖြစ်ပါတယ်။

ကိုယ်တိုင်တွေး၊ ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်တိုင်လုပ်ကြရန်သာ ကျန်ပါတော့သတည်း။ ။