ကျောင်းတက်ခေါင်းလောင်းသံနှင့်အတူ ရုန်းထကြရမည့် နေ့သစ်များ
သွန်းဆက်
မိုးဦးလေဦးနဲ့ ယှဉ်တွဲလို့ အနယ်နယ်အရပ်ရပ်က စာသင်ကျောင်းတွေဖွင့်ကြပြီ။ အခြေခံပညာကျောင်းသား ကျောင်းသူတွေ စာသင်နှစ်သစ်နဲ့အတူ အတန်းသစ်ကို စတင်လေ့လာဆည်းပူးနေကြတာ အခုဆိုရင် တစ်လနီးပါးရှိပါတော့မယ်။ စာသင်ကျောင်းဆိုတာ “စာကိုလည်းသင်၊ စိတ်ကိုလည်းပြင်” ဆိုသလို အသိပညာဆည်းပူးရာသာမက ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာသာတရားနဲ့ အခြားအခြားသော လူမှုစံနှုန်းတွေကို လူငယ်တွေသိရှိအောင် သင်ကြားပြသပေးတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့တာဝန်က အလွန်ကြီးမားပြီး ကျောင်းသား ကျောင်းသူတွေ ပညာတတ်ရုံသာမက ကျန်းမာကြံ့ခိုင်ဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ နိုင်ငံကြီးသားပီသဖို့စတဲ့ အသိပညာတွေကိုလည်း ဖြည့်ဆည်းပေးကြရပါတယ်။ ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ လမ်းမှားမရောက်ရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပဲ့ပြင်ဆုံးမပေးကြရသလို ကလေးတွေ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားဖို့ ကျောင်းတက်ချိန်ကာလတစ်လျှောက် တာဝန်ယူထားကြရသူတွေ ဖြစ်ပါတယ်။
စာရေးသူတို့ရပ်ရွာမှာ ကျောင်းသားအရွယ် ကလေးငယ်တွေ အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းသွားကြတဲ့မြင်ကွင်းကို မြင်ရတိုင်း ကြည်နူးပီတိဖြစ်ရသလို မငြိမ်းချမ်းတဲ့ဒေသက ကလေးတွေအကြောင်းတွေးမိရင်း ရင်နာမိပါတယ်။ စစ်ပွဲတွေကြား ပြိုလဲပျက်စီးနေတဲ့ စာသင်ကျောင်းတွေ၊ ကျောင်းဝတ်စုံနဲ့ နှစ်အတန်ကြာ ဝေးကွာနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ကိုယ့်တာဝန် ကိုယ့်ဝါသနာကို ရွေးချယ်ဖို့မဝံ့ရဲ၊ မြေဖြူတောင့်ကိုလွှတ်ချပြီး ပဋိပက္ခတွေကြား ယူနီဖောင်းကိုဖွက်ကာထားရတဲ့ ကျောင်းဆရာ ဆရာမတွေ၊ စာသင်ကျောင်းတွေနဲ့ ဘဝခြားသွားတဲ့ လမ်းမှားရောက်သွားကြတဲ့ ကလေးသူငယ်တွေ… စသည်ဖြင့် အတွေးက မရပ်တန့်နိုင်တော့။
မိဘအများစုက ကလေးတွေကို စာသင်ခန်းဆီပို့ရမယ့် အသိအမြင်တွေရှိလာ
တစ်ချိန်က အတိတ်နေ့ရက်တွေကိုလည်း မြင်ယောင်မိတယ်။ ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ကျေးရွာတစ်ခုဖြစ်တဲ့ မိမိမွေးရပ်မြေမှာ မူလတန်းပြီးဆုံးအောင် သင်ကြားနိုင်တဲ့သူ အတော်လေးနည်းပါးဖူးခဲ့ပါတယ်။ အများစုသော ဒေသခံတွေဟာ ခြေကျင်ခရီး တစ်နာရီလောက်လမ်းလျှောက်ရတဲ့ရွာမှာ မူလတန်းပြီးဆုံးအောင် သင်ကြရတယ်။ တောင်ပေါ်ဒေသမို့ အခုလိုမိုးတွင်းဆိုရင် သွားရခက်ခဲလွန်းလို့ ငွေကြေးတတ်နိုင်သူနဲ့ ဇွဲရှိသူအနည်းငယ်ကသာ မူလတန်းပြီးဆုံးခဲ့ရတယ်။ အလယ်တန်းနဲ့အထက်တန်း သင်ကြားဖို့အတွက် မြို့ပေါ်ကို ကျောင်းအိပ်ကျောင်းစားသွားနေကြရတယ်။ အဲဒီလို ကလေးမျိုးကလည်း အတော်ကို ရှားပါးခဲ့တာ။ ဒါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပညာသင်ယူမှုအခက်အခဲတွေပေါ့။ ဒါပေမယ့် နောက်ပိုင်း မှာ အစိုးရအဆက်ဆက်က ပညာရေးကဏ္ဍကို မြင့်တင်ပေးခဲ့လို့ မိဘအများစုကလည်း ကလေးတွေ ကို စာသင်ခန်းဆီပို့ကြရမယ့် အသိအမြင်တွေရှိလာခဲ့ကြတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ မြို့ကြီးပြကြီးကနေ ကျေးလက်အထိ စာသင်ကျောင်းတွေလည်း များပြားလာခဲ့သလို ကျောင်းဆရာ ဆရာမ တွေလည်း အတော်များများ မွေးထုတ်ပေးနိုင်ခဲ့လို့ “ပညာရေးဝေးသည်မရှိ” ဆိုတဲ့ စကားသံတို့ လှိုင်လှိုင်ထွက်ပေါ်ပေမယ့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းမှာတော့ ပညာရေးဟာ မငြိမ်းချမ်းတဲ့ဒေသမှာ နှင်းရိုင်းသင့်ပန်းသဖွယ် ညှိုးလျငုပ်လျှိုးနေရတာကို မချိတင်ကဲ ဖြစ်မိပါ တယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဒေါက်တိုင်ဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကို မသမာသူအဖျက်သမားတွေက ပြိုလဲပျက်စီးစေဖို့ အကြိမ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ စာသင်ခန်းမှာရှိနေ ရမယ့် ကျောင်းသား ကျောင်းသူတွေကို ကျောင်း မတက်ကြဖို့ စည်းရုံးတယ်၊ ဆရာဆရာမတွေကို စာမသင်ကြဖို့၊ ဆရာဝန်၊ သူနာပြုစတဲ့ကျန်းမာ ရေးဝန်ထမ်းတွေလည်း ဆေးရုံတွေမှာ တာဝန်မထမ်းဆောင်ဖို့စတဲ့ အဖျက်မျိုးစုံရဲ့ မာရ်နတ်ရဲ့ အပေါင်းအပါတွေလို အမြော်အမြင်နည်းပါးစွာ ပြုမူခဲ့ကြခြင်းရဲ့ နောက်ဆက်တွဲ အကျိုး ရလဒ်တွေ ကို ပြည်သူက ခါးစည်းခံနေကြရတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ခန်းတွေ တစ်နှစ်ပိတ်ပြီးခဲ့ချိန် ကျောင်းတွေပြန် အဖွင့်မှာ “ကျောင်းမတက်နဲ့ကျောင်းထွက်” ဆိုတဲ့ အသိ ဉာဏ်မဲ့သွေးထိုးမှုနောက် လိုက်ပါစီးမျောရင်း ဘဝ တိုးတက်လမ်းတွေ ပိတ်ဆို့ခဲ့ရတဲ့ကျောင်းသား ကျောင်းသူတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် ကျောင်းနားခဲ့ရတဲ့ကလေးတွေ၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် အသက်ပေးလိုက်ရတဲ့ ဆရာကြီး ဆရာမကြီးတွေစသည်ဖြင့် တိုင်းပြည်ရဲ့ဆုံးရှုံးမှုက အလွန်ကိုကြီးမားလှပါတယ်။ တစ်ချိန်က ကျောင်းမတက်ဖို့ မြှောက်ထိုးပင့်ကော် ပြောဆိုနေကြသူ တိုင်းပြည်သစ္စာဖောက်အချို့ နိုင်ငံပြင်ပမှာ သားသမီးမြေးမြစ်တွေကို စာသင်ကျောင်း ဆီပျော်ပျော်ကြီး လိုက်ပို့နေချိန် ပြည်တွင်းနေရာ အချို့မှာတော့ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ် တွေကြောင့် ကလေးတွေအတွက် စာသင်ကျောင်း တွေမရှိကြတော့ပါဘူး။
ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်
နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ကြားရေးကဏ္ဍ အားနည်းယိမ်းယိုင်ခဲ့မယ်ဆိုရင် နောင်မျိုးဆက်သုံး၊ လေးဆက်အထိ ပြန်လည်နာလန်ထူဖို့ခက်ခဲနိုင်တယ်လို့ ပညာရေးသုတေသီတွေက ဆိုထားခဲ့ပါတယ်။ ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်သလို နိုင်ငံအတွက်တင်သာမက လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာဝပြောဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုလည်းဖြစ် ပါတယ်။
ဒါပေမယ့် ယနေ့အချိန်အထိ အသိတရားမရတဲ့ တိုင်းပြည်သစ္စာဖောက် အကြမ်းဖက်သမားတွေက ကျောင်းဆရာ ဆရာမတွေကို ဖမ်းဆီးညှင်းပန်း သတ်ဖြတ်တဲ့အထိ အသိဉာဏ်မဲ့စွာ လုပ်ဆောင်နေပါတယ်။ ကျောင်းသားကျောင်းသူတွေကို ပညာအလင်း ဉာဏ်မျက်စိဖွင့်ပေးနေတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာကိုသာ ကိုင်ဆောင်ထားတဲ့ ဆရာ ဆရာမတွေကို လက်နက်ကိုင်အကြမ်းဖက်သမားတွေက စစ်ရေးပစ်မှတ်လို သဘောထားပြီး လူမဆန်စွာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ကြားသိရတာ စိတ်နှလုံးကြေကွဲဖွယ်ရာလည်း ဖြစ်ပါတယ်။ အခုလို ဆရာ ဆရာမတွေကိုသတ်ဖြတ်တာ၊ ကျောင်းတွေမဖွင့်ရဲအောင် အကျပ်ကိုင်ခြိမ်းခြောက်တာ၊ ကျောင်းသားလူငယ်တွေကို ကျောင်းမတက်ဖို့ ခြိမ်းခြောက်တာ တွေနဲ့ ကျောင်းတွေပတ်ဝန်းကျင်မှာ မိုင်းခွဲ၊ ဗုံးထောင်စတဲ့ ဖြစ်ရပ်မှန်တွေကို နိုင်ငံတော်က သတင်းတွေထုတ်ပြန်ပေးနေပေမယ့် လူ့အခွင့် အရေးလို့ တွင်တွင်အော်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ရေငုံနှုတ်ပိတ်နေရက်ကြတာ မြင်ရတော့ အတော်လေးအံ့အားသင့်စရာပါ။
မိုးဦးလေဦး ပညာသစ်နှစ်အစမှာတင် PDF အမည်ခံ အကြမ်းဖက်သမားတွေက ဆရာမနှစ်ဦးနဲ့ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ကျောင်းဖွင့်ခြင်း၊ စာသင်ခြင်းကြောင့်ပါတဲ့။ ဖြစ်စဉ်က နတ်မောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး နေအိမ်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်၊ ဓားနဲ့ ခုတ်သတ်ဖြတ်ပစ်ခဲ့တာပါ။ ထို့အတူ ဆရာ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်ခြင်းနဲ့ ကျောင်းသား ကျောင်းသူတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ PDF တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးရသူ ပညာ ရေးဝန်ထမ်း ၈၀ အထိ ရှိခဲ့ပါတယ်။
ကျောင်းဖွင့်ချိန်ရောက်တိုင်း တိုင်းပြည်သစ္စာဖောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CRPH, NUG နဲ့ လက်ဝေခံ နောက်လိုက်နောက်ပါတစ်သိုက်ရော၊ တိုင်းပြည်မတည်ငြိမ်ချိန် တောကြောင်တွေလိုပေါ်လာတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ကျောင်းမတက်ဖို့နဲ့ ကျောင်းမဖွင့်နိုင်ဖို့နဲ့ နိုင်ငံ့ဝန်ထမ်းတွေ စိတ်ဓာတ်ယိမ်းယိုင်စေဖို့ နည်းအမျိုးမျိုးနဲ့ ကြေညာချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် နိုင်ငံနဲ့ပြည်သူအကျိုးထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲမယ်လို့ ကယောင်ကတမ်းကြေညာခဲ့ပါသေးတယ်။ သူတို့တားမြစ် ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသအချို့မှာသာ အနည်းငယ်သက်ရောက်မှုရှိပြီး တစ်နိုင်ငံလုံးက ကျောင်းတွေကတော့ အေးချမ်းစွာဖွင့်လှစ်သင်ကြားနေပါပြီ။
တိုင်းပြည်သစ္စာဖောက်တွေရဲ့ မှိုင်းမိခဲ့ရလို့ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ဘဝပျက်ခဲ့ရသူတွေ၊ ဝန်ထမ်းဘဝမှထွက်လို့ တစ်ဝမ်းတစ်ခါးအတွက် ဘဝသစ်ပြန်စကြရသူတွေ၊ အခြေခံပညာဆုံးခန်းမ တိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရသူတွေ၊ လမ်းမှားကို လျှောက်ရင်းနောက်ပြန်လှည့်မရသူတွေကလည်း အဓိပ္ပာယ်မရှိတဲ့၊ လမ်းမှန်ကမ်းမှန်မဟုတ်တဲ့ ရောက်တတ်ရာရာ ကြေညာချက်တွေကို ရွံရှာ မုန်းတီးလောက်ပြီထင်ပါတယ်။
မိမိတို့နိုင်ငံဟာ မြင်ရတဲ့အကြမ်းဖက်သမားရန်အပြင် မမြင်ရတဲ့ရန်သူဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါ၊ ရှောင်လွဲလို့မရတဲ့ သဘာဝရေဘေးနဲ့ ငလျင်ဘေးတွေကိုလည်း ခါးစည်းခံခဲ့ရပါသေးတယ်။ ရေဘေး၊ မြေပြိုဘေးတွေကြောင့် ပြိုလဲပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းတွေ အသစ်ပြုပြင်မွမ်းမံလို့မှ မဆုံးသေးခင်မှာပဲ တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရတဲ့ ပြင်းထန်တဲ့မန္တလေးငလျင်ကြီးလည်း လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဘေးကြောင့် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုများစွာအနက် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ မီးသင့်ခဲ့ရတဲ့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ပြန်လည်ပြင်ဆင်လေ့ကျင့်မှု တွေကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ မြတ်သောဆရာ ဆရာမတွေရဲ့ အနီးကပ်စခန်းသွင်း သင်ကြားပေးမှုကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုခြင်းတွေကို ငလျင်ဘေးသင့်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၄ ရက်အထိ သတင်းထုတ်ပြန်ချက်တွေအရ ယခုစတင်ဖွင့်လှစ်လိုက်တဲ့ အခြေခံပညာကျောင်းတွေရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ ကျောင်းတက်သူဦးရေက စုစုပေါင်း ၆၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ အတိအကျအားဖြင့် ၆၁၁၉၂၆၀ ရှိပါတယ်။ မနှစ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှာ အခြေခံပညာ ကျောင်းတွေကို တက်ရောက်သူဦးရေက ၆၄၁၄၇၉၉ ဦး တက်ရောက်ခဲ့တဲ့အတွက် မနှစ်က ကျောင်းတက် ရောက်မှုနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄ ဒသမ ၆ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။
မိမိတို့နိုင်ငံဟာ အသစ်အသစ်သော တိုးတက်မှုတွေကိုရရှိအောင် ကြိုးစားရုန်းကန်နေရတာနဲ့အတူ သဘာဝတရား၊ လူသားတို့ရဲ့ ဖျက်ဆီးမှုတွေပါ ခါးစည်းခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပညာရေးကဏ္ဍ မှာ ကျောင်းတွေအဆင့်မြှင့်တင်တာ၊ သင်ရိုးစနစ် ပြင်ဆင်ရေးဆွဲတာ၊ စာသင်ကျောင်းတွေ တိုးချဲ့တည်ဆောက်တာ၊ အခမဲ့ပညာရေးအကောင်အထည် ဖော်တာတွေဟာ သဘာဝတရားကြောင့် ပျက်စီး ယိုယွင်းရတာရှိသလို အသိဉာဏ်နည်းပါးတဲ့ လူမဆန်သူ အကြမ်းဖက်သမားတွေကြောင့်လည်း တည်ဆောက်ရင်း ပျက်စီးရင်း၊ ပြန်လည်ထူထောင်ရင်း ပြိုလဲရင်းဖြင့် အနာဂတ်ပန်းတိုင်ရည်မှန်းချက် သွားရာလမ်းက ကြမ်းတမ်းလွန်းလှပါတယ်။ အခုလို ကျောင်းအပ်ရာသီမှာ ယမန်နှစ်ကထက် ကျောင်းတက်သူဦးရေ လျော့ကျမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်တို့ အားဖြည့်ရေး မှာ များစွာထိခိုက်နစ်နာမှုပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာလည်း ယမန်နှစ်တွေလို ကလေးတွေကို ကျောင်းအပ်နှံတဲ့အခါ သင်ရိုးညွှန်းတမ်းစာအုပ်တွေ၊ ဗလာစာအုပ်တွေနဲ့ စာရေးကိရိယာတွေ အခမဲ့ထုတ်ပေးတာကို မြင်တွေ့ရပြီး KG နဲ့ မူလတန်းကျောင်းသား ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေလည်း အခမဲ့ပေးအပ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် ကျောင်းစာသင်ခန်းတွေ စနစ်တကျ သက်သောင့်သက်သာရှိဖို့၊ ကျောင်းတွင်းသာယာလှပဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာပညာ သင်ကြားနိုင် ကြဖို့ တာဝန်ရှိသူတွေက အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ကြားသိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အခြေခံပညာကျောင်းတွေမှာ ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေးလျက်ရှိပါတယ်။
ပြည်သူတစ်ရပ်လုံး ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်စေ
ဒါကြောင့် မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးတွေကို စာသင်ကျောင်းကိုရောက်အောင် ပို့ဆောင်ပေးကြဖို့လိုအပ်သလို ပြည်သူတစ်ရပ်လုံး ကလည်း ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို အလေးဂရုထားပြီး မိမိတို့ရပ်ရွာဝန်းကျင်မှာရှိတဲ့ ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်ကြစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်။ ထို့အတူ ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို နှောင့်ယှက်ဟန့်တား၊ ဖျက်ဆီးအကျပ်ကိုင်နေကြတဲ့ ယုတ်မာသူလူတစ်စုကို ဝိုင်းဝန်းရှုတ်ချပေးဖို့ လိုအပ်သလို ကလေးတွေနဲ့ ဆရာ ဆရာမတွေကိုလည်း ပညာသင်ယူခွင့်၊ သင်ကြားခွင့်ရရှိစေဖို့ မိမိတတ်စွမ်းသမျှ ကူညီပေးကြဖို့ တိုက်တွန်းလို ပါတယ်။
အတိတ် မှန်သမျှ ပစ္စုပ္ပန်အတွက် သင်ခန်းစာ ကောင်းတွေပဲဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေ အားလုံး ခါးသီးတဲ့ အခိုက်အတန့်တွေကို ကြုံခဲ့ကြရ ပေမယ့် မီးလျှံပြာပုံကြားက တောက်ပခြင်းတွေနဲ့ ပြန်လည်ရှင်သန်နိုးထနိုင်တဲ့ ဇာမဏီငှက်လို ပြန်လည်ရှင်သန်နိုးထကြဖို့ အချိန်ရောက်ရှိနေပါပြီ။ ပိုမိုကောင်းမွန်တဲ့ မြန်မာ့လူ့ဘောင်ကိုတည်ဆောက် ရာမှာ ပညာတတ်မြောက်ရေးဟာ အလိုအပ်ဆုံးသော အုတ်မြစ်ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ခေါင်းလောင်းသံမစဲစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းနဲ့အတူ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး၊ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးကို ပျက်ပြားစေတဲ့ အကြမ်းဖက်သမားအားလုံးရဲ့ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နိုင်ငံတော်အစိုးရနဲ့ အတူ ပြတ်ပြတ်သားသား တိုက်ဖျက်ချေမှုန်း ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။ ။