တန်းတူညီမျှမှု ဆိုရာတွင် . . .
မိုးကေနိုင်
လူသားတိုင်း မွေးဖွားလာသည်မှကွယ်လွန်သည်အထိ သူ့အခွင့်အရေးနှင့်သူ တန်းတူညီမျှအခွင့်အရေးဟူ၍ ရှိပြီးသားဖြစ်ပါသည်။ လူမျိုး၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ နိုင်ငံ၊ နေရာဒေသ၊ ယုံကြည်မှုအစွဲအပေါ် မူတည်၍သာ လူအချင်းချင်းအကြား သီးခြားအခွင့်အရေး၊ ထူးခြားအခွင့်အရေးဟူ၍ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ယခုကဲ့သို့ခြွင်းချက်မှလွဲပြီး လူသားတိုင်းအတွက် လူ့အခွင့်အရေးဟူ၍ အသိအမှတ်ပြု လက်ခံပြီးသားဖြစ်သည့်အတွက် ယောကျ်ား၊ မိန်းမအကြား၊ ကျား၊ မခွဲ၍ ခွဲခြားဆက်ဆံခြင်းမျိုး ရှိသင့်ပါသလား၊ လူအချင်းချင်း၊ ကျား မ အချင်းချင်း ခွဲခြားနှိမ်ချဆက်ဆံခြင်းမရှိ၊ တန်းတူညီမျှ ဆက်ဆံကြမှသာလျှင် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ဟု အားလုံးက လက်ခံထားသည်မဟုတ်ပါလား။
ပြယုဂ်ကောင်းဖြစ်နေသည့်မြန်မာ
အထူးသဖြင့် ကျား၊ မ တန်းတူညီမျှဆိုလျှင် မြန်မာနိုင်ငံသည် ပြယုဂ်ကောင်းတစ်ခု ဖြစ်နေပါသည်။ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်နှင့် လူ့အဖွဲ့အစည်းတိုင်းက ဘယ်တုန်းကမျှ အမျိုးသမီးများကို ပစ်ပယ်မထားပါ။ အရေးပါသူများအဖြစ် သဘောထားပြီးဖြစ်ပါသည်။ အမျိုးသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးဟူ၍လည်း သီးခြားသတ်မှတ်ထားခြင်းမရှိ၊ လေးလေးစားစားဆက်ဆံ၍ နေရာပေးခံထိုက်သူများအဖြစ် မှတ်ယူထားကြပါသည်။
အားလုံးသိသည့်အတိုင်းကမ္ဘာတွင် နိုင်ငံရေးဂယက်၊ ကိုဗစ် - ၁၉ ကပ်၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးမျိုးစုံနှင့် အခြားသော ပဋိပက္ခမျိုးစုံအောက်၌ ထိခိုက်လွယ်အုပ်စုထဲ ပါဝင်နေသည့် အမျိုးသမီးများကိုယ်တိုင် ဆိုးကျိုးအနည်း၊ အများသက်ရောက်မှုဒဏ်ကို ခံကြရပါသည်။ ထိုသို့သော အခက်အခဲပြဿနာမျိုးများကို မြန်မာအမျိုးသမီးအများစုကြီးကကော ဘယ်လိုတုံ့ပြန်နေခဲ့ကြပါသလဲ၊ ဘယ်လိုဦးဆောင်ပြီး ဘယ်လိုကိုင်တွယ်ခဲ့ကြသလဲ။ အထူးသဖြင့် မြန်မာအမျိုးသမီး၊ မိခင်များနှင့် ဝန်ထမ်းမိခင်များ အိမ်မှုကိစ္စနှင့် တာဝန်များအကြား ဘယ်လိုထိန်းညှိ ဆောင်ရွက်သွားကြသလဲ၊ မြန်မာအမျိုးသမီးများ၏ ပင်ကိုဗီဇအရည်အသွေးများကပင် မိမိတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်သွားနိုင်ကြသည်ဟု ဆိုနိုင်လောက်ပါသည်။
စိန်ခေါ်မှုများရှိနေဆဲ
သို့သော်ကမ္ဘာမှာရော မြန်မာမှာပါ ကျား၊ မ တန်းတူညီမျှမှုတွင် စိန်ခေါ်မှုများကား ရှိနေပါသေးသည်။ ဘယ်လိုဘေးဒုက္ခဖြစ်ဖြစ် အမျိုးသားများထက် အမျိုးသမီးများက ပို၍ထိခိုက်လွယ်တတ်သည် ဖြစ်ရာ ကလေး၊ လူအိုများနှင့် တန်းတူအမျိုးသမီးများကို ဦးစားပေးကူညီပံ့ပိုးပေးနိုင်ရေး၊ ၎င်းတို့ကို ထိခိုက်လွယ်အုပ်စု (Vulnerable group)ထဲတွင် အစဉ်အဆက်ထည့်သွင်းထားရပါသည်။ ထိခိုက်လွယ်အုပ်စုထဲပါနေခြင်းက အမျိုးသမီးများသည် အကြမ်းဖက်ခြင်း၏ သားကောင်ဖြစ်နေလို့ပါပဲ။
ထို့ပြင် အမျိုးသမီးများသည် အချို့နေရာများ၊ ဖြစ်စဉ်များတွင် ပဋိပက္ခ၏ သားကောင်များ၊ အတ္တလောဘ၏ ပစ်မှတ်များအဖြစ် စိန်ခေါ်မှုကြီးတစ်ခုအဖြစ်လည်း အမြစ်တွယ်နေပါသည်။ ထို့ကြောင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အမျိုးသမီးများ ကိုယ်တိုင်ကလည်း မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားနေအောင် အမြဲကြိုးစားနေရန်၊ မိန်းမသားမို့အားနွဲ့သူဟု သဘောထားမခံရအောင်၊ အထင်သေးမခံရအောင် ခံယူချက်ထားကြိုးစားရန်၊ အမျိုးသားများနှင့် ယှဉ်လျှင်ဘက်လိုက်၊ ဘေးဖယ်ထား၊ နှိမ့်ချဆက်ဆံခြင်း (Gender Bias) အဖြစ်မခံရအောင် ကြိုးစားနေဖို့လိုပါသည်။
ဆိုလိုသည်မှာ ကျား၊ မ တန်းတူဆိုရာတွင် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုများနှင့်သာမက လုပ်ငန်းခွင်တွင်လည်း အမျိုးသားများနှင့် တန်းတူလုပ်နိုင်ကိုင်နိုင်သော အရည်အသွေး၊ စိတ်ဓာတ်ပိုင်း ရင့်ကျက်မှု၊ ခံနိုင်ရည်ရှိမှုများမှာပါ အမျိုးသားများနှင့် တန်းတူ၊ ထို့ထက်ပို၍ မိမိတို့၏ အရည်အသွေးနှင့် လုပ်နိုင်စွမ်းတို့ကို ပြသနိုင်ရန်လိုသည်ဆိုသော အချက်ကို ထောက်ပြလိုခြင်းဖြစ်ပါသည်။
ဖြစ်နိုင်ပါ့မလား
ဖြစ်နိုင်ပါ့မလားဆိုသည်က ထက်သန်သောဆန္ဒ၊ စိတ်ဓာတ်၊ ပညာနှင့် ဝီရိယပါပဲ။ မွေးရာပါ အခွင့် အရေးအရ လူတိုင်းသည် မွေးကတည်းက တန်းတူအခွင့်အရေးရပြီးသားပင်။ မြန်မာ့သမိုင်းအတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပြန်ကြည့်လျှင် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာသာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဆေးပညာနှင့် တပ်မတော်နယ်ပယ်အစုံတွင် နမူနာယူစရာ အမျိုးသမီးစွမ်းဆောင်ရှင်များစွာ ရှိခဲ့ဖူးပါသည်။ ဘိုးဘွားလူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မျိုးစေ့ချပေးနိုင်ခဲ့သည့် ဒေါ်ဦးဇွန်း (၁၈၆၈- ၁၉၄၄)ကဲ့သို့ ပရဟိတအမျိုးသမီးများ၊ ကိုလိုနီခေတ်အတွင်း FRCS ခွဲစိတ်ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး ပထမဆုံးသော ပါရဂူဖြစ်ရေး အိပ်မက်မက်နိုင်ခဲ့သည့် ဒေါက်တာဒေါ်စောဆ(၁၈၈၄-၁၉၆၂)၊ ၎င်းက အစိုးရအုပ်ချုပ် ရေးအရာရှိအဖြစ်လည်း တာဝန်ယူနိုင်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါသည်။ ဒေါ်စောဆအပြင် ကြားဖူး၊ ဖတ်ဖူးသမျှ အတိတ်ကာလ ကမ္ဘာသိထင်ရှားသူ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များကို ပြန်ကြည့်လျှင် ဆေးပညာရှင်များဖြစ်ကြသော ဒေါက်တာဒေါ်မေစု၊ ဒေါက်တာ ဒေါ်ရင်မေ၊ ဒေါက်တာဒေါ်ခင်စီတို့အပြင် တပ်မတော်ဆေးဘက် တွင်လည်း အမျိုးသမီးဆရာဝန်ပါရဂူ၊ သူနာပြုအရာရှိများစွာ ပေါ်ထွက်ခဲ့ကြပါသည်။
ကိုလိုနီခေတ်ကတည်းက မြန်မာကုမ္မာရီ၊ ဗြဟ္မစရိယကုမ္မာရီ၊ မြန်မာအမျိုးသမီးနေရှင်နယ် ကောင်စီ၊ ဗမာပြည်လွတ်လပ်ရေးအမျိုးသမီးအဖွဲ့စသည့် အမျိုးသမီးအသင်းအဖွဲ့များစွာ ရှိခဲ့သည့်အပြင် သခင်မကြီး ဒေါ်ဆယ်(ချောက်)၊ ဒီးဒုတ် ဒေါ်လှမေ၊ ဝံသာနုဒေါ်လှမေ(ကော့ကရိတ်)၊ သခင် မကြီး ဒေါ်သိန်းတင်တို့ကဲ့သို့ မျိုးချစ်အမျိုးသမီးများစွာလည်း ထင်ရှားရှိခဲ့ဖူးပါသည်။ စာရေး ဆရာမကြီး လူထုဒေါ်အမာ(၁၉၁၅-၂၀၀၈)၊ စာရေး ဆရာ၊ သတင်းထောက်၊ အယ်ဒီတာဆရာမကြီး ဒေါ်ခင်မျိုးချစ် (၁၉၁၅-၁၉၉၉) တို့ကဲ့သို့ စာပေ ပညာရှင်များစွာလည်း ပေါ်ထွန်းခဲ့ကြဖူးပါသည်။
တပ်မတော်သမိုင်းတွင် ပထမဆုံးနှင့် တစ်ဦးတည်းသော တပ်မတော်ဆိုင်ရာ သူရဘွဲ့ရှင် အမျိုးသမီးသူရဲကောင်း သူရမချစ်ပို(ဒေါ်စုပိုချစ်)ဆိုလျှင် အလွန်ထင်ရှားပါသည်။ ယခုခေတ်တွင် ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များလည်း ပေါ်ထွက်လျက်ရှိပါသည်။ လွတ်လပ် ရေးတိုက်ပွဲဝင် သူရဲကောင်းများအဖြစ် သောင်းကျန်းသူနှိမ်နင်းရေးတွင် အသက်စွန့်ပါဝင်ခဲ့ကြသူများရှိခဲ့ပါသည်။ စာပေ၊ ဆေးပညာ၊ အားကစား၊ နည်းပညာလောက စသည့် နယ်ပယ်အစုံ၊ နိုင်ငံရေးတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ်၊ အုပ်ချုပ်ရေးပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ် အဆင့်များအထိ၊ တပ်မတော်(ကြည်း/ ရေ/လေ)နှင့် ပြည်သူ့ရဲတပ်ရင်းတပ်ဖွဲ့များတွင် တိုက်ခိုက်ရေးနှင့် လက်ရုံးကဏ္ဍအလိုက် ပြန်တမ်းဝင်အဆင့်မြင့်ရာထူးများအထိ တာဝန်ယူနေကြသော အမျိုးသမီးပေါင်းများစွာရှိခဲ့၊ ရှိဆဲဖြစ်ပါသည်။ ပြောချင်သည်မှာ မြန်မာအမျိုးသမီးများသည် မီးဖိုချောင်ထဲတွင်သာ အားနွဲ့သူလူတန်းစားတစ်ရပ်အဖြစ် သီးခြားမရပ်တည်ခဲ့ကြဘူးဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အနည်းဆုံး လူမှုရေး၊ စီးပွားရေးကဏ္ဍအစုံတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ကြပါသည်။
စစ်တမ်းက ပြောနေသည့်အကြောင်းရင်းများကို ကုစားနိုင်ရေး
သို့သော် ကဏ္ဍစုံနယ်ပယ်စုံ၌ အမျိုးသမီးအင်အားအရ ထုနှင့် ထည်နှင့် ပါဝင်ထမ်းရွက်နေ ကြသော်လည်း အရည်အသွေးချင်းတူနေသည့်တိုင် ထိပ်ပိုင်းခေါင်းဆောင်မှုနေရာ ရောက်နိုင်သော အရေအတွက်မှာမူ နည်းပါးနေသေးသည်ဟု သုတေသနစစ်တမ်းများက ဆိုပါသည်။ ၂၀၂၅ World Population Review စစ်တမ်းတစ်ခုအရ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတွင် အမျိုးသမီး ဝန်ကြီးချုပ် ၂၁ ရာခိုင်နှုန်း၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း တွေ့ရှိ ရပါသည်။ အုပ်ချုပ်ရေးကဏ္ဍအဆင့်ဆင့်တွင် နေရာယူနိုင်သည့် အမျိုးသမီးအရာရှိကြီးများက ၃၄ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုထားပါသည်။ အချက် အလက်က ဘာကိုပြသလဲဆိုလျှင် နောင်နှစ်ပေါင်း ၁၃၀ အထိ ကျား၊ မ တန်းတူညီမျှဖြစ်ရေးသို့ ရောက်နိုင်ရန် ခဲယဉ်းဦးမည့် အနေအထားတစ်ခုဖြစ်သည်ဟု ဆိုထားပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနကပြောနေသည့် ထိုသို့သောအနေအထားများကို ပပျောက်စေရန် အမျိုးသမီးများကိုယ်တိုင်က မိမိတို့အရည်အချင်းကို ကြိုးစားတည်ဆောက်နေရမည် ဖြစ်ပါသည်။ အမျိုးသမီးနှင့် အမျိုးသားတွင် ပညာသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာ လေ့လာကျွမ်းကျင်မှုအပိုင်း(IQ)နှင့် စိတ်ခံစားမှု၊ အမူအကျင့်၊ ယုံကြည်ချက်နှင့် ထိန်းချုပ်နိုင်မှုအပိုင်း(EQ)တွင် ကွာခြားသွားပုံရပါသည်။ မိမိတို့ကအားနွဲ့သည်၊ မိမိတို့ကို အားမကိုးကြဘူး၊ ခေါင်းဆောင်ထိပ်ပိုင်းနေရာကို မရောက်နိုင်ဘူး ဆိုသည့် အတွေးမျိုးကို ဖျောက်ပြီး အမျိုးသားများနှင့် တန်းတူလုပ်နိုင်သည်ဆိုသော ယုံကြည်ချက်မျိုးထား၊ အမျိုးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု၊ လွှမ်းမိုးမှုရရှိနေအောင် ကြိုးစားသင့်သည်ဟု ဆိုပါသည်။
နောက်အဟန့်အတားတစ်ခုမှာ အမျိုးသမီးများတွင် သူတို့ယုံကြည်အားကိုးဖွယ် စံနမူနာပြအဖြစ် မှန်ကန်သည့်ခေါင်းဆောင်မျိုး ရှားပါးနေခြင်းဖြစ်ပါသည်။ တကယ်လည်း အမျိုးသမီးငယ်မျိုးဆက်သစ်များကို မှန်မှန်ကန်ကန် လှုံ့ဆော်ပေးနိုင်မည့် အမျိုးသမီးခေါင်းဆောင်မျိုးက ယခုကာလ၌ ရှားပါသည်။ နောက်ထပ် အဟန့်အတားတစ်ခုမှာ Work life balanced မဖြစ်မှု၊ လုပ်ငန်းခွင်နှင့် မိမိ၏ အိမ်ထောင်သည်ဘဝ ဟန်ချက်ညီမှုမရှိခြင်းပါ။ အိမ်ထောင်သည်လည်းဖြစ်၊ ဝန်ထမ်းလည်းဖြစ်နေသော အမျိုးသမီးအများစုမှာ ၎င်းတို့ကလေးများ၊ သက်ကြီးရွယ်အို အဖေ၊ အမေများအတွက် ပြုစုစောင့်ရှောက်ရန် အချိန်ပေးရသည့်အတွက် လုပ်ငန်းခွင်လုပ်ကိုင်နိုင်စွမ်း အားလျော့သွားသည့်အခါ ၎င်းတို့အပေါ် အသိအမှတ်ပြုမှုလည်း နည်းသွား တတ်ပါသည်။ ထိုအချက်ကို ကျော်လွှားရန်ဆိုလျှင် အိမ်အလုပ်နှင့် လုပ်ငန်းခွင်တာဝန်ကို မျှတနေအောင်၊ အလုပ်ရည်မှန်းချက်လည်း ပြီးမြောက်အောင် ဘယ်လိုစီမံခန့်ခွဲပေးနိုင်မလဲ စဉ်းစားရမည်ဖြစ်ပါသည်။
လှုပ်ရှားဆောင်ရွက်နေမှုများ
အမျိုးသမီးများအနေဖြင့် တန်းတူရည်တူအခွင့် အရေးပေးထားသည်ဆိုသော အခွင့်အလမ်းများကို ဆုပ်ကိုင်ပြီး မိမိတို့၌ ရှိနှင့်ပြီးဖြစ်သည့် အားသာချက်များကို ဘယ်လိုအသုံးချမည်၊ စွမ်းဆောင်ရည် မြင့်မြင့်မားမားဖြင့် အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်းအလုပ်လုပ်၊ ကျလာသမျှသော တာဝန်ကြိုးစားထမ်းရွက်ကြပြီး မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းကြီးအတွက် ဘယ်လိုအောင်မြင်မှုများရရှိအောင် လုပ်ပေးနိုင်ကြမလဲဆိုသည့်အချက်ကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။ အမျိုးသမီးများအခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုပပျောက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေး၊ ငြိမ်းချမ်းရေးတို့အတွက် အခွင့်အလမ်းများက ရှိပြီးသားဖြစ်ပါသည်။ Convention on the Elimination of All forms of Discrimination Against Women- CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားပပျောက်မှုဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း)တွင်လည်း မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားပြီးဖြစ်သကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ အာဆီယံကော်မရှင်ကော်မတီများတွင်လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပါသည်။
အမျိုးသမီးများနှင့် ပတ်သက်လျှင် ကုလသမဂ္ဂ က ဦးစီးကျင်းပသည့် ကမ္ဘာ့အမျိုးသမီးများညီလာခံ က ချမှတ်ထားသည့် UN Decade for Women နှင့် Beijing Platform for Action BPFA ရှိပါသည်။ စွမ်းဆောင်ရည်မြင့်မားမှုနှင့် ဖွံ့ဖြိုးရေး၊ အကြမ်းဖက်မခံရရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် အတွက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများနှင့် သက်ဆိုင်သော ဖွံ့ဖြိုးရေးဌာနများ၊ သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ပေးပြီး အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ပေးနေကြောင်း လေ့လာတွေ့ရှိရပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း)ကို စိစစ်ဆောင်ရွက် နေဆဲဖြစ်သလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်း အကောင်အထည်ဖော်နေသည်မှာ ယခုအခါ NSPAW Phase 2 (၂၀၂၃-၂၀၃၂) ရောက်နေပါပြီ။ နိုင်ငံတကာအဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့်အဆင့်အားလုံးတိုင်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား နေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
ကျား၊ မ တန်းတူညီမျှမှု ကွာဟချက်ကို နည်းနိုင်သမျှ နည်းသွားစေရေးမှာ အားလုံးအတူတကွ ပါဝင် ဆောင်ရွက်ပြီး အားလုံးတွင် တာဝန်ရှိကြောင်း ခံယူထားကြရန်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ ကိုယ်တိုင်ဖြစ်ပါသည်။ သဘာဝက အပ်နှင်းထားသည့် လူဖြစ်တာချင်းအတူတူ လူ့လောကကြီးအတွက် မိမိတွင် ဘာတာဝန်များ ရှိနေပါသလဲ၊ မိမိအားသာချက်က ဘာလဲ နားလည်အောင်လုပ်ရပါမည်၊၊ အားနည်းသူအဖြစ် အထင်မခံရရေး၊ အစော်ကားမခံရရေး၊ အကြမ်းဖက်မခံရရေး ကိုယ်ကိုယ်တိုင် ယုံကြည်မှုအားကောင်းအောင်လုပ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ကြိုးစားနိုင်ကြလျှင် ကျား၊ မ တန်းတူညီမျှ မှုဟူသည် နီးစပ်မှုရှိလာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။