Skip to main content

မြကျွန်းညိုသို့ သတိရတိုင်း…..

ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကသိုလ်သည် အသက်ကြီးလှပါပြီ။ တက္ကသိုလ်သို့ ကျွန်မတို့ ရောက်စက အဓိပတိလမ်း တစ်လျှောက်မှ ရေတမာပင်လေးတွေ သည် ငယ်ငယ်လေး ရှိကြသေးသည်။ ယခုကဲ့သို့ အရပ်မမြင့်ကြသေး။ ပုပုဝိုင်းဝိုင်း၊ ရွက်စိမ်းနုနုအုပ်အုပ်နှင့် အပျိုပေါက်ကလေး ပမာ ချစ်စရာကောင်းပါဘိခြင်း။ ကံ့ကော်ပင်လေးတွေကလည်း အရွယ် ကောင်း တုန်း၊ ဖူးကြ ပွင့်ကြတုန်း။ သစ်ပုပ်ပင်ကြီးကတော့ အသက်ရှည်ပါပဲ။ သူ၏ အိုမင်းပုံက လှလွန်းပါသည်။ သူ့ကိုမြင် လျှင် သူ့အနားမှာ ဓာတ်ပုံရိုက်ချင်သည်၊ သူ့အရိပ်မှာခိုချင်သည်၊ သူနှင့်ပတ်သက်မှု ရှိခဲ့ကြောင်း သက်သေကျန်ခဲ့ချင်သည်။

သူက အရွယ်ရင့်လာပေမယ့် ပရိသတ်ကို ဆွဲဆောင် နိုင်ဆဲဖြစ်သည့် အနုပညာရှင်တစ်ယောက် လိုပါပဲလား။ သစ်ပုပ် ပင်ကြီးသည် မွေးရာပါ ပါရမီရှင်တစ်ဦးပါပဲ။ သူ့ကို အလှအတွက် ခံစားကြ သည်၊ ဘဝအတွက် ဆင်ခြင်ကြ သည်၊ သူနှင့် ချစ်ကြည့်သည်၊ လွမ်းကြည့်သည်၊ ရသမျိုးစုံ ပေးနိုင်သည်။ အသက်ရှည်ပြီး အချောမပျက်သည့် သစ်ပုပ်ပင်ကြီးပါ။ သူ့အသက် ဘယ်လောက် ရှိပါပြီလဲ။ တွက်ကြည့်ချင်စမ်းပါဘိ။

ကျွန်မသည် ၁၉၆၀ - ၁၉၆၁ ပညာသင်နှစ်တွင် တက္ကသိုလ်သို့ ရောက်သည်။ ၁၉၆၁ မှ ၁၉၆၅ ခုနှစ်အထိ သီရိဆောင်တွင် နေခဲ့သည်။ သီရိကို ဘင်တန်ဟုလည်း ခေါ်သည်။ ၁၉၆၅ မှာ အဆောင်သူဘဝပြီးဆုံးပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ နည်းပြ ဆရာမလေးဖြစ်လာသည်။ နည်းပြဆရာမ မဖြစ်ဖြစ် အောင် ဝိဇ္ဇာဂုဏ်ထူးတန်းမှာ အပြင်းအထန် စာကြည့်ခဲ့ရသည်။ မဟာဝိဇ္ဇာဘွဲ့ရသည်။ နယ်တက္ကသိုလ်များမှာ ပြောင်းရွှေ့ အမှုထမ်းရသော် လည်း ရန်ကုန် တက္ကသိုလ်နှင့် မစိမ်းပါ။ နယ်မှပြောင်းလာလျှင် ရန်ကုန်တက္ကသိုလ် ပြန်ရောက် လာပြန်သည်။ ရန်ကုန် တက္ကသိုလ်က ရာပြည့် ပြီဆိုတော့ ကျွန်မတက္ကသိုလ်ရောက်ခဲ့သည်မှာ အနှစ် ၆၀ စွန်းစပြုပြီ။ ပါမောက္ခအထိ တာဝန် ထမ်းဆောင် အငြိမ်းစားယူပြီးမှ ပါရဂူဘွဲ့ရသည်။ အငြိမ်းစားယူပြီး ၁၅ နှစ်ခန့်ဆက်၍ ရန်ကုန်တက္ကသိုလ် ပါရဂူ အကြို တန်း သင်ရန် မြန်မာစာဌာန သို့ အမြဲရောက်သည်။ ကျွန်မတို့ သည် ရန်ကုန်တက္ကသိုလ်အသက် ၄၀ ခန့်တွင် တက္ကသိုလ် သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ကျွန်မတို့ခေတ်က တက္ကသိုလ်သည် လွမ်းစရာ ကောင်းလှပါသည်။ လွမ်းစရာ မြကျွန်းညိုကို လွမ်းချင်လာအောင် ရာပြည့်အထိမ်းအမှတ်ဖြင့် တက္ကသိုလ်သီချင်း လေးများနှင့် အသက်သွင်း တင်ဆက်ကြသည်။ ကျွန်မတို့ ခေတ်၏ တက္ကသိုလ်တွင် ဒီဇင်ဘာလ ဆိုလျှင် အဆောင်တိုင်းမှာ နှစ်ပတ်လည်ညစာစားပွဲရှိသည်။ အဆောင်သူများသည် ဧည့်သည်ဖိတ်လိုလျှင် လက်မှတ်ဝယ်၍ ဖိတ်နိုင်သည်။ ချစ်သူများကို ဖိတ်ကြသည်။ ဆောင်းည၏ အေးမြမြ၊ မှုန်ရီရီအရိပ်မှာအတူ ခိုလှုံကြသည်။ မိတ်ဆွေများကိုလည်း ဖိတ်ကြသည်။ ထိုမိတ်ဆွေ အနေဖြင့် ရင်းနှီးမှုကို ညစာစားပွဲတွင် လာရောက်ဖျော်ဖြေ ကြသော အနုပညာရှင်များက ချစ်သူဘ၀သို့ရောက် အောင် သီချင်းသံဖြင့် ပို့ဆောင်ပေးသည်။ တေးသံရှင် ချိုပြုံး၏ “တက္ကသိုလ်ကျောင်းက ငွေလဝန်း” သီချင်းတွင် “မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ….စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ ….” တဲ့လေ။

မိတ်ဆွေယောကျ်ားလေးနှင့် မိန်းကလေးအကြည့်ချင်း ဆုံဖြစ်လိုက်ကြသည်၊ မျက်လုံးချင်းစကား ပြောဖြစ်ကြသည်၊ ချစ်သူဘဝသို့ အနေအထား ရွေ့လျားရန်ပေါ့လေ။ ရေတမာပင်လေး အောက်မှာ စုံတွဲတစ်တွဲ တိုးသွားရုံပါပဲ။ နှစ်ဆုံးတော့ မခွဲနိုင် မခွာရက်ကြ။ အဆောင် ကော်ရစ်ဒါ မှာ အမျိုးသားက ချစ်သူအမျိုးသမီးလေး၏ မျက်နှာကို မိုးကြည့်ရင်း ချစ်ရေးဖွဲ့နေကြသည်။ အခန်း နံပါတ် - ဒီ အောက်ဆုံးထပ် ရှေ့ဆုံးခန်းတွင်နေသူများဖြစ်၍ ညနေစောင်းချိန်တွင် စုံတွဲများကို ထိုင်ကြည့်ပြီး လိုက် မလိုက် ဆုံးဖြတ်ပေးကြသည်။

ကျောင်းပိတ်ရက်ခွဲခွာချိန်တွင် ချစ်သူမိန်းကလေး များသည် ပိန်ပိန်ဝဝ၊ သေးသေး နွဲ့နွဲ့မရွေး မျက်ရည်ဝဲကြသည်။ မျက်ရည်ကျကြသည်။ သီရိသူ ဝဝ ထောင်ထောင် မောင်းမောင်း တစ်ယောက် ချစ်သူကိုမော့ကြည့်ရင်း ငိုနေသည်။ ဖြတ်သွား ဖြတ်လာတွေ့သော ကျွန်မသည် တအံ့တဩနှင့် “ဟယ် ….သူက ဝဝကြီးနဲ့ ငိုနေတယ် သိလား” ဟု သူငယ်ချင်း မကြည်သန်းကို ပြောမိသည်။ သူက “ဝရင် မငိုရဘူးလို့ နင့်ကိုဘယ်သူပြောလဲ၊ သူချစ်လို့ သူငိုတာ၊ နင့်အပူပါလား” ဟု ဆိုသည်။ စာမေးပွဲရက် တွေမှာ ရည်းစားနှင့်ကွဲ၍ ငိုရသူတွေလည်း ရှိသည်။ ထိုအခါ အဆောင်သူများ စိတ်မချမ်းသာကြပါ။ ညစာစားပွဲတွင် ဖျော်ဖြေခဲ့သည့်သီချင်းကိုပဲ ညည်းမိကြ တော့သည်။ ခုတော့ ထိုသစ္စာရယ်... တမာများလို ခါးခဲ့ပြီ ပေါ့ကွယ် …..ပါတဲ့။

ထိုခေတ်က သီချင်းလာဆိုသည့် အနုပညာရှင်များမှာ စန္ဒရားချစ်ဆွေ၊ မာမာအေး၊ ထား၊ ချိုပြုံး တို့ဖြစ်ကြသည်။ ချိုပြုံးက နည်းနည်းနောက်ကျသည်။ စန္ဒရားချစ်ဆွေ အမြဲ သီဆိုသည့် သီချင်းက ဆောင်းညကို ပို၍လွမ်းစရာ ကောင်းလာစေသည်။ တစ်ဖက်သတ်ချစ်နေဆဲအဆင့် ချစ်သူကိုယ်စား ရင်တွင်းခံစားချက်ကို ဖွင့်ဟပေးလိုက် သည့်အတွက် ရင်ခုန်သံများ ဆူညံလာကြသည်။ သူ့သီချင်းက “ချစ်အားငယ်ရသူ”ဖြစ်ပါသည်။ သီချင်းက ရင်ဖွင့်သံပီလှ သည်။ ကြည့်ပါဦး။

“ သူ့မျက်နှာ ကျွန်တော်အသည်းစွဲနေတယ် ….. သူသာ ကျွန်တော့်ဘဝ .. သူသာ ကျွန်တော့်ရဲ့ ကမ္ဘာ … တွယ်ရာမဲ့ တစ်ယောက်လိုဖြစ်နေသော… ကျွန်တော်ရဲ့ အချိန်တိုင်းမှာ….သူသာ ဖြစ်နေတဲ့အထိ ….အစဉ်အမြဲရင်ထဲငြိတွယ် …. သူနဲ့တွေ့လေတိုင်း …..ဘာကြောင့်များ ချစ်အားငယ် …..တကယ်ပင် ဝမ်းနည်းလာတယ်ကွယ် ….. တဲ့လေ”

မြကျွန်းညိုကမ္ဘာသစ်ကို စတွေ့စ၊ ကမ္ဘာသစ်မှာ ရင်ခွင် သစ်ကို ဖွေရှာစ၊ မငြိတငြိ စိတ်ခံစားမှုကို တေးစာသားက အပြည့်အဝ ပုံဖော်ပေးနိုင်ခဲ့ပါသည်။ ထိုနည်းဖြင့် ကံ့ကော် တောသည် သာမောဖွယ်ကဗျာတော ဖြစ်လာခဲ့ပြန် ပါသည်။

တေးသံရှင် မာမာအေး အမြဲဆိုသည့် သီချင်းမှာ “မေ့ကွက်ကိုရှာ” ဖြစ်ပါသည်။

“မေ့ကွက်ကိုရှာသောသူရေ … နေ့ရက်တွေ ကြာသာ ကြာတော့ …” ဆိုသည့် လွမ်းမောသံ၊ ဖွေရှာသံက ဆောင်းညကို လွှမ်းမိုးပျံ့နှံ့သွားသည်။ ကျွန်မတို့ခေတ်က တေးသံရှင် “ထား” အမြဲဆိုသော သီချင်း မှာ “မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” နှင့် “မေတ္တာနုနု စေလိုသူ” ဖြစ်သည်။

ကျွန်မတို့ အစွဲဆုံးနှင့် ယနေ့တိုင်မေ့မရသော သီချင်း မှာ “မနက်ဖြန်သို့မဟုတ် ဘယ်သောအခါ” ဖြစ်ပါသည်။ တစ်နေ့တစ်နေ့၊ တစ်နေ့တခြား ပြောင်းလဲတတ် သည့် ကံ့ကော်တောဝန်းကျင်တွင် ဖြစ်လွယ် ပျက်လွယ်၊ ပြောင်းလဲလွယ် သည့် သင်္ခါရဓမ္မသည် နီးကပ်မြန်ဆန် လွန်းလှသည်။ တစ်ခါတုန်းကတက္ကသိုလ်မှ ခံစားမှုကို ရင်ဝယ်ပွေ့ပိုက်၍ “ထား”၏ သီချင်းကို ညည်းနေမိသည့် ကျောင်းသူများသည် နှစ်စဉ်နှစ်တိုင်း ရှိခဲ့ပါလိမ့်မည်။ သီချင်းစာသားက “ မဟာကပ်ကမ္ဘာ၊ စကြဝဠာတိုင်း၊ ခိုင်းနှိုင်းမရပါ။ သူ့တစ်ယောက် အပေါ်ပဲ အစွဲအလမ်း ကြီးမားလှစွာ၊ နုပျိုသည်မှ အိုမင်းရင့်ရော်သည်အထိ ငို၍သော်လည်းကောင်း၊ ရှိုက်၍သော်လည်းကောင်း စောင့်မျှော်လျက် နေဆဲပါ၊ မောင်ရေးလာမယ့်စာချွန်လွှာ၊ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” ဖြစ်ပါသည်။ မလွမ်းဘယ်သူ နေနိုင်ပါသနည်း။ ချစ်သူမရှိခဲ့သူများပင်လျှင် ရှိသလိုလို လွမ်းမိပါလိမ့်မည်။

မြကျွန်းညိုတွင် ပညာသင်ကြသူများ ရင်ကိုထိခိုက် ဆွေးမြည့်စေသော တေးတစ်ပုဒ် ရှိပါသေး သည်။ စန္ဒရား ချစ်ဆွေ၏ “ချစ်သူဝေးဝေးမသွားပါနဲ့လား” ဖြစ်ပါသည်။ တေးစာသားက ချစ်သူတို့ဖြစ်ရပ်နှင့် ကိုက်ညီလွန်းလှ သည်ပဲ။ “ကိုယ့်ဘဝနဲ့ပေါင်းစပ်ဖလှယ်ရမယ် ထင်လို့ ကွယ် …ချစ်မိပြီဆိုလေတိုင်း … အသက်ပေးပြီးချစ်ရသူ အဖို့ရယ် …. အပြစ်မယူ ဆွေး… နွေးစကား.. သာဖွဲ့ အနားဝယ်..ချစ်သူဝေးဝေးမသွားပါနဲ့လားကွယ် …ချစ်သူဝေးဝေး မသွားပါနဲ့လားကွယ် … သာယာသော ကန်အကွေ့ဝယ် တွေ့ကြတုန်းက စိန်ပန်းပြာနဲ့ ပဏာရ သူရယ် ... ခင်မင်တွယ်တာခြင်းရဲ့ ခိုင်မြဲလေသော အသည်းကို ခွဲခွာခြင်း လက်နက်နဲ့ နှိပ်စက်ချင်သလား ကွယ် …(အနုပညာမြတ်နိုးသူကြီးရယ်)၂” စသည်ဖြင့်ပါပဲ။

အဘယ်မျှစွဲငြိစရာ၊ လွမ်းမောစရာကောင်းလိုက်ပါဘိသနည်း။ အနှစ် ၆၀ ကျော်ခဲ့သည့်တိုင် မေ့မရနိုင်ပါ။

“မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းသည် ကျွန်မတို့ ဆရာမဖြစ်သည့်အချိန်ခန့်ရောက်မှ ပေါ်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူ တစ်ဦးက တက္ကသိုလ်ကျောင်းတွေ အကြာကြီး ပိတ်လိုက်ပြီး ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ လက်ရှည် ဝတ်ရန် စည်းကမ်းသတ်မှတ်သည်။ စည်းကမ်းကို သရုပ်ဖော်သည့် သီချင်းဖြစ်ပါသည်။ တစ်နေ့တခြား၊ တစ်နေ့တခြား ပြောင်းလဲတတ်တဲ့ဝန်းကျင် ကိုပင် အံ့ဩမိတယ်ဆိုသည့် “တက္ကသိုလ်မှာ ဝေတဲ့နှင်း”က လည်း တက္ကသိုလ်ဓလေ့၊ တက္ကသိုလ်ဓလေ့နှင့် လိုက်ဖက် လွန်းလှပါဘိသည်။

ကိုမြသိန်း၏ မြသီတာ အလွမ်းပြေ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” သီချင်းများက မေ့ရက်စရာ မရှိပါ။ ရသလွန်ကဲ ပြည့်ဝလွန်းလှပါသည်။ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” ကို ရေးသူ ပညာရေးတက္ကသိုလ်မှ မိုးကျော်ထွန်းသည် ချစ်သူကို ရည်ရွယ်ရေးဖွဲ့ခဲ့သော်လည်း တကယ့်ဘဝတွင်မူ “ချစ်သူရီရီ၊ ကြည်ကြည်ပြုံးပြုံးနှင့် ကမ္ဘာသက်ဆုံးရာ သက်လုံး မပေါင်း လိုက်ရပါ” မြကျွန်း ညိုသို့ သတိရတိုင်း ကရုဏာလွှမ်းမိုး၊ အကြင်နာဆယ်ဆ တိုးရင်းသည်ဘဝ ကာလတွေ ကုန်ဆုံးခဲ့ရရှာသည်။

အဆောင်သူများသည် ညနေ ၆ နာရီထိုးလျှင် ထွက်ခွင့် မရှိပါ။ သို့ရာတွင် ထွက်ခွင့်ရသော နေ့များရှိခဲ့ပါသည်။ ထိုနေ့များသည် တစ်သက်တွင် အပျော်ဆုံးနေ့ များထဲတွင် ပါဝင်သည့်အတွက် မေ့မရပါ။ ကျွန်မတို့ ကျောင်းတက်စဉ်သည် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း နာမည် ကြီးခါစ ဖြစ်သည်။ မင်းသားကြီးသည် ဘီအေအောင်ပြီး ဘီအယ်လ်တက်နေသည်။ နံနက်စောစောတွင် ဘီအယ်လ် အတန်းများရှိသည်။ ၁၉၆၁ ခုနှစ်ခန့်တွင် စစ်ရဲနှင့် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ရပါ သည်။ အမျိုးသမီးဆောင်များ ညအပြင် ထွက်ခွင့်ရပါသည်။

ဘတ်စ်ကားများနှင့် ဘောလုံးပွဲသွားကြည့်ပြီး တက္ကသိုလ်အသင်းကို အားပေးကြပါသည်။ ထိုနေ့က တက္ကသိုလ်ဝင်းတစ်ခုလုံး ကျောင်းသားကျောင်းသူ မကျန် တော့ပါ။ မင်းသားကြီးသည် ရှေ့တန်းတိုက်စစ်မှူး ဖြစ်ပါသည်။ ဂိုးဒိုင်ခံသွင်း၍ အနိုင်ယူပေးပါသည်။ ယနေ့ ခေတ် ပရီမီယာလိဂ်ဘောလုံးပွဲများတွင် ရှေ့တန်း တိုက်စစ်မှူးသည်လည်း နောက်တန်းဆင်းလိုက်ရပါ သည်။ နောက်တန်းခံစစ်ကလည်း ရှေ့တက်ရပါသည်။ တစ် ကွင်းလုံး ပတ်ကစားရပါသည်။ ထိုခေတ်က ကစားဟန်မှာ ထိုသို့မဟုတ်ပါ။ ရှေ့တန်းတိုက်စစ်မှူးသည် နောက်တန်းသို့ ဆင်းရန်မလိုပါ။ ရှေ့တန်းမှ အသင့်စောင့်၍ ဘောလုံးကို ရယူပြီး ဂိုးသွင်းရုံသာ ဖြစ်ပါသည်။ ကျွန်မတို့ တက္ကသိုလ် အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ကောလိပ်ဂျင်နေဝင်းသည် ဘောလုံး ကစားရာ၌ ကျွမ်းကျင်သူ၊ ဂိုးသွင်းရာ၌ ကျွမ်းကျင် သူပီပီ ရှေ့တန်းတွင် အေးအေးဆေးဆေး လမ်းလျှောက် နေပါသည်။ ဘောလုံး အရှေ့သို့ ပြန်ရောက်လာမှ သယ်ယူ ပြီး ဂိုးသွင်းသူဖြစ်ပါ သည်။ ဂိုးတစ်ဂိုးဝင်သွားတိုင်း ပွဲကြည့် စင်ပေါ်တွင် ထိုင်ရာမှထ၍ ဂိုးအရေအတွက် ပြောင်း/ မပြောင်းကို ကြည့်ရသည်မှာ ပျော်စရာကောင်းလှပါသည်။ ဘဝမှာ အလွန်တက်ကြွပျော်ရွှင် ခဲ့သည့် နေ့ရက်များပါ။

ဆီမီးဖိုင်နယ်အဆင့်ကိုကျော်ပြီး ဖိုင်နယ်ဗိုလ်လုပွဲ တွင် မီးရထားနှင့် ပြိုင်ရပါသည်။ ကံ့ကော် တစ်တောလုံး အောင်ဆန်းကွင်းသို့ ရွေ့လျားကြသည်။ ဗိုလ်လုပွဲနိုင်၍ ဖလားရသောအခါ ကျောင်းသား ကျောင်းသူများသည် ကျောင်းသို့မပြန်သေးဘဲ “ ဗာစီတီ … ဗာစီတီ…ရားရား…” ဟု ရန်ကုန်တစ်မြို့လုံးပတ်၍ အော်ကြပါသည်။ ဘောလုံးကစားသူများအတွက် ဂုဏ်ပြုပွဲကို ပိတောက်လမ်းရှိ ဘီအိုစီကွင်း၌ ကျင်းပရာတွင်လည်း ကျောင်းသူများပါ ညထွက်ခွင့်ရပါသည်။ ချစ်သူရှိသူများတွင် ချစ်သူ ကိုယ်ရံတော်များပါသည်။ ကိုယ်ရံတော်လုပ်ခွင့်စောင့်နေသူ တို့ကလည်း သူချစ်နေသော မိန်းကလေးအုပ်စု အနီးတွင် မိတ်ဆွေအနေဖြင့် ဝန်းရံပေးနေကြ သည်။

တစ်ဦးတစ်ယောက်ချင်းတွဲကာ မှောင်ရိပ်ခိုသည့် အလေ့မရှိပါ။ မိန်းကလေးများကလည်း အုပ်စုလိုက်သွားပြီး ယောကျ်ားလေးများကလည်း အုပ်စုလိုက် ပျော်ပျော်ပါးပါး သွားကြလာကြ ခြင်းသာ ဖြစ်ပါသည်။ ဂုဏ်ပြုပွဲတွင် အငြိမ့် စင်နှစ်ခုရှိပါသည်။ တစ်ဦးမှာ အမာစိန်အငြိမ့် ဖြစ်ပါသည်။ အမာစိန်အငြိမ့်သည် တက္ကသိုလ်လောကတွင် နာမည်ကြီး လှသည်။ အဆောင် ညစာ စားပွဲများတွင် အမာစိန် အငြိမ့် ကိုငှားလေ့ရှိသည်။ ထိုစဉ်က မြန်မာစာဆရာကြီး ဦးလှရွှေ သည် ဒဂုံဆောင်၏ အဆောင်မှူးဖြစ်သည်။ သူ့အဆောင်မှာ အမာစိန် အငြိမ့်ကပြီး နောက် အတန်းထဲတွင် မနေ့ညက ကျောင်းသားတွေ အမာစိန်ကို ငေးမောပြီး “ အမာရေ…အမာရေ…. အစ်ကိုတို့ဒီမှာ….ဒီမှာနဲ့ အော်ပြီး သွားကြလာကြတာ မြောင်းထဲချည်းပြုတ်ကျကုန်တာ” ဟု ရယ်စရာပြောပြသည်။ အမာစိန်သည်လည်း တက္ကသိုလ် နန်းတွင် တစ်လှည့် ဆန်းခဲ့ဖူးပါသည်။

ကံ့ကော်တောတွင် တက္ကသိုလ်ရောက် တောသား လေးများအတွက် စာပေစကား ကြားနာခြင်း ဖြင့်လည်း ပျော်နိုင်ကြပါသည်။ လက်မှတ်တစ်စောင် ငါးမူးနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ဉာဏ်ကြီးရှင်ဖြေဆိုပွဲ၊ ကျပန်းစကား ပြောပွဲများကိုနားထောင်နိုင်ကြပါသေး သည်။ စာရေးဆရာ စိန်လွင်လေးသည် ထိုစဉ်က ကျပန်း စကားပြော ကောင်းလွန်းသည့် ကျပန်းမောင်ဖြစ်ခဲ့သည်။ ကံ့ကော်တော၏ ဝတ်စားဆင်ယင်မှုစတိုင်ကလည်း မြင်ရသူ စိတ်ကိုဖမ်းစားနိုင်ပါသည်။ ဆရာများသည် တိုက်ပုံ၊ ဘန်ကောက်ပုဆိုး၊ ခေါင်းပေါင်းနှင့် ကျက်သရေ ရှိလွန်းလှပါသည်။ တက္ကသိုလ်ဆရာဂုဏ်နှင့် လိုက်ဖက် လွန်းလှပါသည်။ ဆရာမများသည် အင်းလေးလုံချည်၊ ဇင်းမယ်လုံချည်၊ အင်္ကျီလက်ရှည်တွင် ပဝါနှစ်စအသာချ၍ ယဉ်ကျေး တင့်တယ်လွန်းလှပါသည်။ စာမေးပွဲဖြေ စဉ်၌ပင် တက္ကသိုလ်ဆရာမတို့၏ ဆင်ယင်ထုံးဖွဲ့မှုနှင့် လှပလွန်းသောဆရာမလေး များကို ကြည့်လိုက်ဖြေလိုက်နှင့် ပင်ပန်းခဲ့ရဖူးပါသည်။ ကျွန်မကြုံခဲ့ရသော တက္ကသိုလ် သည် ပညာရေး၌ အဆင့်မြင့်သည်။ အရှေ့တောင်အာရှမှ ပညာသင်ကျောင်းသားများကို တွေ့နိုင်သည်။

မကြာမီဆောင်းရောက်တော့သည်။ တက္ကသိုလ် သည် ရာပြည့်တော့မည်။ ဆောင်း ဦးကာလ မြကျွန်းညို သည် ပန်းချီကဗျာထက် လှနေပေဦးမည်။ နှင်းမှုန်ဖွဲဖွဲ အောက်တွင် သစ်ရွက်ခြောက် များကိုမီးပုံရှို့ရင်း အဆောင်ရှေ့တွင် တစ်ခါက ကျောင်းသားများ၏ သီချင်းသံသည် ဝေ့ကာ ဝဲကာနှင့် ပျံ့လွင့်နေပေဦးမည်။ မှုန်ပြာရီ ရာသီ တွေပြောင်း တစ်ဆောင်းသစ်ခဲ့ပြီတဲ့လေ……။

ပန်းချီကဗျာထက်လှသော သီလတက္ကသိုလ်သည် ကမ္ဘာတည်သရွေ့ အသက်ရှည်ကျန်းမာ၊ ချမ်းသာပါစေသော်။ ။

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

- အမည်ရင်းမှာ ဒေါက်တာခင်သန်းဦး၊ ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) မြန်မာစာဌာန၊ ပုသိမ် တက္ကသိုလ် ဖြစ်သည်။ ဇာတိမှာ ဟင်္သာတဖြစ်သည်။

- ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ၁၉၇၁ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၂၀၀၆ ခုနှစ် (အသက် ၆၂ နှစ်) တွင် ရန်ကုန်တက္ကသိုလ် ပါရဂူဘွဲ့ကို “ဝတ္ထုရှည် သဘောတရား၊ ဝတ္တုရှည် အတတ်ပညာ”ကျမ်းဖြင့် ရရှိခဲ့သည်။

- ၁၉၆၆ မှ ၂၀၀၆ ခုနှစ်အထိ နှစ် ၄၀ တိတိ မြန်မာစာဌာနတွင် နည်းပြမှ ပါမောက္ခအထိ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီး ၂၀၀၆ ခုနှစ်မှစ၍ ရန်ကုန် တက္ကသိုလ် တွင် ပါရဂူအကြိုတန်းကို အချိန်ပိုင်း ပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်ထားသော “စာပေဖန်တီးမှုနှင့် တည်းဖြတ်မှု ဒီပလိုမာသင်တန်း’’ ၌လည်း ပို့ချနေသည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၌လည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

- ၁၉၆၃ ခုနှစ်မှစ၍ တိုင်းရင်းမေဂျာနယ်တွင် တက္ကသိုလ် မခင်သူ အမည်နှင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် မမိုးမြေအမည်နှင့် လုံးချင်းဝတ္ထုရှည်များစ၍ ရေးသားခဲ့ရာ ပထမဆုံး လုံးချင်းဝတ္ထုမှာ “မလွမ်းချင်တော့ဘူးကွယ်” ဖြစ်သည်။ ဝတ္ထုရှည် အပုဒ် ၇၀ ကျော်နှင့် ဝတ္ထုတို အပုဒ် ၁၀၀ ကျော် ရေးသားခဲ့သည်။ အငြိမ်းစားယူ ပြီးနောက် စာပေ သဘောတရား စာအုပ်များကို ရေးသားခဲ့သည်။

မမိုးမြေ