နေပြည်တော် ဩဂုတ် ၂၂
ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၅ ရက် နံနက် ၆ နာရီခွဲတွင် သတင်းအရ ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်တွင် အောင်လင်းမောင်းနှင်လာသည့် CANTER BOX ယာဉ်နှင့် သောင်းထွန်း မောင်းနှင်လာသည့် SUBARU STELLA ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို တာဝန်ခံသယ်ဆောင်ခိုင်းသူ ထွန်းသိန်းအား ယင်းနေ့ည ၇ နာရီ ခွဲတွင် ရွှေပြည်သာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၂၁ ဒသမ ၈ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မောင်သိန်းချေနှင့် ကျော်စွာဝင်း (မှော်ဘီ) တို့အား မှော်ဘီမြို့နယ် နှောကုန်းကျေးရွာရှိ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PORTER II မော်တော်ယာဉ်၊ ISUZU MAX မော်တော်ယာဉ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများအား မလေးရှားရေပိုင်နက်နှင့် ရခိုင်ပြည်နယ်တို့သို့ တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း) နှင့် ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့ကို ထားဝယ်မြို့တွင် TOYOTA SUCCEED မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်ကို ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာအုပ်စု အောင်ဇေယျကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကွမ်းခြံကုန်းမြို့နယ် အောင်ဇေယျကျေးရွာရှိ ပုစွန်ကန်အနီးတွင် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန်အတွက် ကျော်စွာဝင်း (ကွမ်းခြံကုန်း) မှ သိုဝှက်ထားရှိသည့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၈၉၉ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ) ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။
ဩဂုတ် ၁၃ ရက်တွင် ကျော်စွာဝင်း (ကွမ်းခြံကုန်း) မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုရန်စီစဉ်ထားသည့် “အောင်စိုးလင်း” အမည်ပါ စက်လှေအား ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နှင့်အတူ မြိတ်မြို့ မြိတ်မြို့တောင်ကျေးရွာ နန်းသူဇာတံတားအနီးတွင် လည်းကောင်း၊ ကံကောင်း (ဖမ်းဆီးရန်ကျန်) မှ ဝယ်ယူပေးထားသည့် “ငွေကသစ်” နှင့် “ဆုမြတ်နိုင်” အမည်ပါ စက်လှေနှစ်စင်းနှင့် ငါးဖမ်းစက်လှေ တစ်စင်းတို့အား ဒေးဒရဲမြို့ နိဗ္ဗာန်ကွင်းရပ်ကွက် တိုးမြစ်ကမ်းဘေးရှိ လွန်းကျင်း၌လည်းကောင်း၊ “အောင်မြတ်ပိုင်” အမည်ပါ စက်လှေနှင့် ပဲ့ထောင်စက်လှေ တစ်စင်းတို့အား ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာ၌ လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီခွဲတွင် ကျော်စွာဝင်း (ကွမ်းခြံကုန်း)၏ ဖော်ထုတ်ချက်အရ မလေးရှားရေပိုင်နက်သို့ သယ်ဆောင်မည့် အိုက်စ် (မက်သ်အဖက်တမင်း) များအား ကွမ်းခြံကုန်း မြို့နယ် အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာနှင့် လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာ သွားလမ်းတို့တွင် နေရာသုံးခုခွဲ၍ မြေမြှုပ်သိုဝှက်ထားကြောင်း သိရှိရသဖြင့် ၎င်းနှင့်အတူ မြေမြှုပ်သိုဝှက်ထားရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာနေ အောင်ကျော် (ခ) အောင်ကျော်စိုး၊ ရာကျော် (ခ) ကိုရှိုင်းနှင့် ကျော်စိန်အောင် (ခ) ကျော်ကြီးတို့အား ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လိုက်လံပြသသည့်နေရာများမှ အိုက်စ် (မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ) ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၁၅ ရက် ည ၁၁ နာရီခွဲတွင် မလေးရှားရေပိုင် နက်သို့တင်ပို့မည့် အိုက်စ်(မက်သ်အဖက်တမင်း)များကို ကျော်စွာဝင်း (ကွမ်းခြံကုန်း)ထံ အပ်နှံထားခဲ့သူ မင်းချစ်အောင်အား ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၈ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိ ခဲ့သည်။
စစ်ဆေး ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်းတို့အား ရန်ကုန်တွင် သိုလှောင်စေပြီး ရခိုင်ပြည်နယ်နှင့် ပြည်ပသို့ သယ်ဆောင် ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာနေ စိုင်းစု (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏အစီအမံဖြင့် လှသောင်း (ဖမ်းဆီးရန်ကျန်) နှင့် စိုင်းရီ (ဖမ်းဆီးရန်ကျန်)တို့က စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရန်ကုန် မြို့တွင် ခေတ္တသိုလှောင်ပြီး ရခိုင် ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရန် တာဝန်ခံဆောင်ရွက်သူမှာ ထွန်းသိန်းဖြစ်ကြောင်း၊ ရန်ကုန်မှ ရခိုင်ပြည်နယ် မြေပုံမြို့သို့ တာဝန်ခံသယ်ဆောင်သူမှာ ဝင်းဇော်သိန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရပြီး ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဝင်းခိုင်ထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ရောက်ရှိပါက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူးအဆင့်ရှိ ကိုရေး (အကောက်ခွန်မှူး) (ဖမ်းဆီးရန်ကျန်) ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ လျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် အခွန်ပေးဆောင် ရသည်ဟု သိရှိရကြောင်း။
ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပင်လယ် ရေကြောင်းဖြင့်တင်ပို့မည့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ပို့ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကံကောင်း (ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏စေခိုင်းချက်အရ မင်းချစ်အောင်မှ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို သုံးကြိမ်ခွဲ၍ အပ်နှံခဲ့ကြောင်း၊ ထို့အပြင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)သည် ကြည်ဖြူ (ခ) ကျော်ဝင်းဌေး၏ အစီအမံဖြင့် မလေးရှားရေပိုင်နက် သို့ မူးယစ်ဆေးဝါးများအား ကံကောင်း (ဖမ်းဆီးရန်ကျန်) ဝယ်ယူပေးထားသည့် စက်လှေများဖြင့် ပဲ့နင်းချစ်ကို(ဖမ်းဆီးရန်ကျန်)နှင့် ကိုလတ်(ဖမ်းဆီးရန်ကျန်) တို့က ရန်ကုန်မှ ပင်လယ်ဝသို့ သုံးကြိမ်၊ ကော့သောင်းမှ မလက္ကာရေလက်ကြားသို့ လေးကြိမ်ပို့ဆောင်ခဲ့ကြောင်း၊ ကြည်ဖြူ (ခ) ကျော်ဝင်းဌေးမှာလည်း ကော့သောင်းမြို့တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိမှုတို့ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ ကိုးဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယင်းမူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများကိုရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်တို့သို့ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းတို့အား အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှု အကြိမ် ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ထိရောက်စွာအရေးယူနိုင်ရေးနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်