နေပြည်တော် ဩဂုတ် ၂၂
ရုရှားဘာသာစကားဒီပလိုမာအောင်လက်မှတ် ချီးမြှင့်ခြင်းနှင့် ရုရှားဘာသာစကားစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆောင်ရွက်လျက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့အခမ်းအနားသည် ဥပဒေရေးရာဝန်ကြီးဌာနတွင် တစ်ခါမျှဆောင်ရွက်ဖူးခြင်း မရှိသေးသော ပထမဆုံးစာမျက်နှာသစ် ဖွင့်လှစ်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၉ ခုနှစ် Building Legal Trust for The People “ပြည်သူ့အတွက်တည်ဆောက်လျက် ဥပဒေယုံကြည်ချက်”ဟူသည့် မဟာဗျူဟာ ရည်မှန်းချက် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဥပဒေသုတေသနလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအနေဖြင့် ရုရှားဘာသာစကားအား နားလည်တတ်ကျွမ်းရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာန၊ ဘာသာစကားဌာန၊ ရုရှားဘာသာစကားဌာနခွဲမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် Native Speaker တို့က သင်တန်းကို ရက်ပေါင်း ၂၂၀၊ သင်တန်းချိန်ပေါင်း ၁၃၂၀၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်အထိ တစ်နှစ်ကြာ သင်ကြားပို့ချခဲ့ပြီး Control Test၊ Examination အကြိမ်ကြိမ်စစ်ဆေးခဲ့ကြောင်း၊ ဒီပလိုမာပေးအပ်ချီးမြှင့်သင့်ကြောင်း ထောက်ခံတင်ပြချက်အရ သင်တန်းသားဥပဒေအရာရှိ ၃၈ ဦး ကို ယနေ့အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် ဆုရရှိသူများ အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်သည်။
ဆက်လက်၍ ပြင်ဦးလွင်စစ်တက္ကသိုလ် ပါမောက္ခချုပ်က မိန့်ခွန်းပြောကြားပြီး သင်တန်းသားဥပဒေအရာရှိများကို ရုရှားဘာသာစကားဒီပလိုမာအောင်လက်မှတ်များ ချီးမြှင့်၍ သင်တန်းသား သင်တန်းသူများက ရုရှားဘာသာစကားစွမ်းရည် ပြသသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ စစ်တက္ကသိုလ်ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြင်ပစာစစ်ဆရာများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်