နေပြည်တော် ဩဂုတ် ၁၂
မြန်မာနိုင်ငံ၌ ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးပညာနှင့် ဆေးပညာ နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့် တာဝန်ရှိ သူများ၊ ဆေးပညာ၊ ခွဲစိတ်ပညာ၊ မေ့ဆေးပညာ၊ သားဖွားနှင့်မီးယပ်ပညာ၊ ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေး ဆေးပညာ၊ ဓာတ်မှန်ပညာ၊ ကလေးကျန်းမာပညာ၊ အရိုးရောဂါကုပညာ၊ အရေးပေါ် ကုသမှု ဆေးပညာတို့မှ ပါမောက္ခ/ ဌာနမှူးများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတစ်ဝန်းတွင် နောက်ဆုံးပေါ် ကုသမှုကုထုံး များနှင့် ရောဂါရှာဖွေ စစ်ဆေးရေးဆိုင်ရာ၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုများ၊ သုတေသနတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုက်နယ် ဆရာဝန်၊ မြို့နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ၊ ကုသမှုအထောက် အကူပြုပညာရှင်များ လေ့လာ သိရှိနိုင်ရန်နှင့် ကျန်းမာရေးလောက ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ စဉ်ဆက်မပြတ် ဆေးနှင့် ဆေးနှီးနွှယ်ပညာသင်ကြားရေး၊ ပညာရပ်ပိုင်းဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် စဉ်ဆက်မပြတ်ဆေးနှင့်ဆေးနှီးနွှယ်သင်ကြားမှုများ ပြုလုပ်နိုင်ရန် အတွက် ခေတ်မီအင်တာနက်ကွန်ရက်အသုံးပြု သင်ကြားသင်ယူမှု (E-Learning) ပုံစံအသုံးပြုကာ ပိုမို အားဖြည့် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် "ဆေးနှင့်ဆေးနှီးနွှယ်ပညာ စဉ်ဆက်မပြတ်သင်ကြားမှုဆိုင်ရာ အင်တာနက် စာမျက်နှာ" တစ်ခုကို သီးသန့်အမြန်ဆုံးထူထောင်ပြုလုပ်သွားမည် ဖြစ်ပါ ကြောင်း၊ အဆိုပါအင်တာ နက်စာမျက် နှာတွင် ဆေးနှင့် ဆေးနှီးနွှယ်ပညာ ဘာသာရပ်အလိုက် အခန်းများ ပြုလုပ်ထား မည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပို့ချမှု ရုပ်သံဗီဒီယိုများ၊ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စာအုပ်စာတမ်းများကို ထုတ်လွှင့် ဖော်ပြထားမည်ဖြစ်ရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ သာမက နိုင်ငံတစ်ဝှမ်းရှိ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များအားလုံး အနေဖြင့် အချိန်မရွေး ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အင်တာနက်ကွန်ရက်ကို အသုံးပြုကာ "မိမိကိုယ်တိုင် စိတ်ကြိုက်အချိန်တွင် လေ့လာလိုသည် သင်ခန်းစာအား လေ့လာ သင်ယူနိုင်သောသင်တန်းများ" နှင့် "သတ်မှတ်အချိန်၊ အစီအစဉ်အတိုင်း တက်ရောက်ရသည့် သင်တန်းများ" ကိုလည်း ပို့ချပေးသွားမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးတက်ရန်အတွက် ယခုနှစ် ဘဏ္ဍာငွေအား ငွေကျပ် (၉၈) ဘီလီယံလျာထားမည်ဖြစ်သည့်အတွက် ယခင်နှစ်ကထက် ငွေကျပ်(၄၃) ဘီလီယံ တိုးမြှင့်ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် ကာလအတွင်း ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ တက္ကသိုလ်များအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ကျွမ်းကျင်မှု မြင့်မား သည့် ပညာရှင်များအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ပေးအပ်ရန်အတွက်လည်း စဉ်းစားဆောင် ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ မကြာခင်က အသစ်ခန့်အပ်တာဝန်ပေးခဲ့သော လက်ထောက်ဆရာဝန်သစ်လွင် (၃၈၂) ဦးအတွက် မွမ်းမံသင်တန်းများကိုလည်း အမြန်ဆုံး ပြုလုပ် စေလိုပါကြောင်း၊ ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်မှုများအတွက် သက်ဆိုင်ရာ ဘာသာရပ်၏ ပါမောက္ခ/ ဌာနမှူးများက ဦးဆောင်ပြီး အားလုံးစုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်သွားစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ၏ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်က ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ကျွမ်းကျင် မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင် နေမှု၊ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များ၊ ရေရှည်ကာလတွင် စနစ်တစ်ရပ်ဖော် ဆောင်၍ လုပ်ဆောင်သွားရန် အကြံပြု တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဆေးပညာနှင့် ဆေးပညာနှီးနွှယ် ပါမောက္ခ/ ဌာနမှူးများက ဘာသာရပ်အလိုက် ဟောပြောပို့ချမှု ရုပ်သံဗီဒီယိုများရိုက်ကူးထားရှိမှုများ၊ လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်း များ ပြုစုဖြန့်ဝေထားရှိမှုများ၊ နေရာဒေသအလိုက်၊ ဘာသာရပ်အလိုက် ဦးစားပေးဆောင်ရွက်ရန် သင်တန်းများ၊ အဆင့်အဆင့်လူနာညွှန်းပို့ကုသမှု (referral) စနစ် လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံး လုပ်နည်းများကို ပို့ချရန်၊ လုပ်ငန်းဆောင်ရွက်မှု စောင့်ကြည့်ဆန်းစစ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်အတွက် ကွန်ရက်အဖွဲ့ (consultation network) ဖွဲ့စည်းရန်၊ အင်တာနက်ကွန်ရက် အသုံးပြုသင်တန်းနှင့် လက်တွေ့သင်တန်းများအတွက် သင်ကြားသင်ယူမှု နည်းဗျူဟာနှင့် နည်းစနစ်များ၊ သင်ကြားသင်ယူမှုပြီးနောက် အသုံးချဆောင်ရွက်မှုကို ဆန်းစစ်အကဲဖြတ်ခြင်း စသည့် ကိစ္စရပ် များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုး မျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှု ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းသည့် အလှူရှင်များ၏ လှူဒါန်းမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
လှူဒါန်းမှု အခမ်းအနားတွင် UNHCR မှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၉) သန်းတန်ဖိုးရှိ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ဆေး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာပစ္စည်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းက တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (၆၀၀) နှင့် အသက်ရှူစက် (၃) ခု၊ ကျန်းမာရေးနှင့် အာကစားဝန်ကြီး ဌာနမှ ဒေါ်ခင်လေးညိုနှင့် ငွေစာရင်းမိသားစုက ငွေကျပ် (၁၃၆,၀၀၀) နှင့် ကျန်းမာရေးနှင့် အာကစား ဝန်ကြီးဌာနမှ ဒေါ်မြတ်နီလာက ငွေကျပ်(၅၀,၀၀၀) တို့အား လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)