Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင်းဆီကုန်းဘိုးဘွားရိပ်သာ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၀

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စောင့်ရှောက်ထားသော ဘိုးဘွားများကို အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှုရှိ၊ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ဆေးရုံဆောင်၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသော အဘိုးအဘွားများနှင့် ဓမ္မာရုံတွင် ဝတ်ပြုကိုးကွယ်နေသူ အဘိုးအဘွားများကို သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်း သော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ ပင်စင်ရအဘိုး၊ အဘွားများအနေဖြင့် ပင်စင်လစာထုတ်ယူမှုအဆင်ပြေခြင်း ရှိ၊ မရှိ အခြေအနေနှင့် အသက် (၈၅) နှစ် ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသည့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုမေးမြန်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားစုစုပေါင်း ၁၂၇ ဦးကို နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်