နေပြည်တော် ဩဂုတ် ၂၀
သက်တမ်းရင့် ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်းများအား ကျယ်ပြန့်စွာစီမံခန့်ခွဲ ခြင်း (Comprehensive Manage- ment of Oil and Gas Production Enhancement Activities in Mature Oil Fields) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဥပဒေဆိုင်ရာအကြံပေးနှင့် နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရေနံမြေများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များသည် ထုတ်လုပ်မှုသက်တမ်းကြာမြင့်လာသည်နှင့်အမျှ သဘာဝအလျောက်အထွက်နှုန်းများ သိသာစွာကျဆင်းလာနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လက်ရှိကုန်းတွင်းပိုင်းလုပ်ကွက်များ၏ ပျမ်းမျှထုတ်လုပ်မှု သက်တမ်းသည် နှစ် ၅၀ မှ ၆၀ အထိ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ရေးလုပ်ငန်း အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲနှင့် စိန်ခေါ်မှုအမျိုးမျိုးကြောင့် တိုးတက်မှုနှုန်းနှေးကွေးပြီး အကျိုးအမြတ်ရရှိမှုနည်းပါးပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါအခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားအရာရှိကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များမှ ရေနံဘူမိဗေဒဘာသာရပ်နှင့် ရေနံအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပရေနံကုမ္ပဏီများမှ ကျွမ်းကျင်ပညာရှင်များက သက်တမ်းရင့်ရေနံမြေများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ရေးသက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြပြီး ရေနံအင်ဂျင်နီယာဘာသာရပ်တက်ရောက်နေသည့် နောက်ဆုံးနှစ်ကျောင်းသား မောင်ထက်ဦးဝေလွင်က “A Study of Enhanced Oil Recovery Methods” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးသူများကို ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်