Skip to main content

စပါးပင်၏ အစိတ်အပိုင်းအားလုံး အကျိုးရှိစွာအသုံးချနိုင်မည့် နည်းပညာပေးသင်တန်းဖွင့်

နေပြည်တော် ဩဂုတ် ၁၀


ကိုဗစ်-၁၉ ကာလအတွင်း စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စပါးဇီဝဥယျာဉ်သုတေသနဌာနစု သင်တန်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက သင်တန်းမှ စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချနိုင်သည့် နည်းပညာများကို လက်ဆင့်ကမ်း သင်ကြားပေးမည်ဖြစ်သော ကြောင့် တောင်သူများအတွက် များစွာအကျိုးရှိသည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန့်လွင်ဦးက သင်တန်းတက်ရောက်လာသည့် တောင်သူများအနေဖြင့် စာတွေ့နှင့်လက်တွေ့ ပူးတွဲသင်ကြားပေးမည့် သင်တန်း ဖြစ်သောကြောင့် အတွေ့အကြုံ၊ ဗဟုသုတများ တတ်နိုင်သမျှမှတ်သားကာ အကျိုးရှိစွာ ပြန်လည်အသုံးချ စေလိုကြောင်း ပြောကြားသည်။

သင်တန်းတွင် အာဟာရပြည့်ဝသော နွားစာတုံးပြုလုပ်ခြင်း၊ ကောက်ရိုးမှို မွေးမြူခြင်း၊ ကောက်ရိုးမှ စက္ကူပြုလုပ်ခြင်း၊ စပါးခွံဖွဲပြာသုံး စွမ်းအင်မဲ့ အအေးခန်း ပြုလုပ်ခြင်း၊ စပါးခွံနှင့် ကောက်ရိုးအသုံးပြု တီကျစ်မြေသြဇာနှင့် ဇီဝမြေသြဇာများပြုလုပ်ခြင်း၊ အဇိုလာမွေးမြူခြင်း၊ ပေါင်းဆန်အခြေခံ အာဟာရပြည့် မုန့်မျိုးစုံပြုလုပ်ခြင်း၊ တာရှည်ခံဖွဲနုထုတ်လုပ်ခြင်း၊ ဆန်မကြိတ်မီ အရည်အသွေး စစ်ဆေးခြင်း စသည့်ဘာသာရပ်များကို စာတွေ့နှင့် လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်သည်။ စပါးပင် အစိတ်အပိုင်းအားလုံး အကျိုးရှိစွာ အသုံးချနည်းပညာ သင်တန်းသည် ကိုဗစ်-၁၉ ကာလအတွင်း ပထမအကြိမ် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်သော်လည်း စပါးဇီဝဥယျာဉ်သုတေသနဌာနစုအနေဖြင့် (၁၅)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ တောင်သူများအတွက်လည်း သင်တန်းများ ဆက်လက် ပို့ချပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဇူလိုင်မိုး