နယ်ရုံးများ၏သတင်းများ

Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု နမီကျေးရွာတွင် ယမန်နေ့ညနေပိုင်း က မိုးသည်းထန်စွာရွာသွန်းသဖြင့် ပဒါန်းချောင်းရေ မြင့်တက်ပြီး ရွာအဝင်တံတား၏ မြေထိန်းနံရံ ပေ(၇၀)ခန့်နှင့် ကျောက်စီမြေထိန်းနံရံ ပေ(၃၀)ခန့် ချောင်းတာဘောင် ကျိူးပေါက်၍ နမီကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေဝင်ရောက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၅)စု ကျား (၈)ဦးနှင့် မ (၁၄)ဦးတို့အား ညတွင်းချင်း ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းထားရှိပေးခဲ့ပြီး လူနှင့်ကျွဲ၊နွား၊ တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် လယ်မြေဧက (၁၅၀) ခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ သက်ကြီးဘိုးဘွား (၂၇၃)ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ယခုစက်တင်ဘာလအတွင်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Sep 01,2020
နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပါတီ(၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၂၂)ဦးနှင့် တိုင်းရင်းသားလူမျိုးများဝန်ကြီး ကိုယ်စားလှယ်လောင်း (၄၃)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲထံမှ သိရသည်။
Sep 01,2020
ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 01,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ (၁၀)နှင့် ပုံစံ (၁၀-က)များဖြင့် ယမန်နေ့ ညနေ (၄:၀၀)နာရီအချိန် က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သောမိုးစပါးမျိုးကွဲ နှုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်း က ရပ်ကွက်(၂) တောင်သူ ဦးဝင်းကြိုင် လယ်ကွင်း၌ဆောင်ရွက်ခဲ့သည်။
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် (၉)နာရီခွဲအချိန် က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။