ဖျာပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ ထောက်ပံ့ပေးအပ်

ဖျာပုံ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေး၊ ရောဂါပိုးတွေ့ရှိသည့် ကျေးရွာများတွင် နေထိုင်သောပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစား သောက်ကုန် များ ထောက်ပံ့လှူဒါန်းပေးနိုင်ရေး၊ ရန်ကုန်မြို့မှ ပြန်လည်ဝင်ရောက်လာသူများအား သေချာစွာ စိစစ်လက်ခံမှုများပြုလုပ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ ခရိုင်/မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး ပြောကြားကြသည်။

ဆက်လက်၍ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဦးမင်းဆွေ+ဒေါ်စိန်တီ (GreatLight) ကိုယ်ပိုင်အထက်တန်းကျောင်း၊ ရန်ကုန်မြို့)မှ (၁၅)သိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီမှ(၁၅)သိန်း၊ ဦးမောင်ဝိတ်မိသားစု (ရန်ကုန်မြို့)မှ ကျပ်သိန်း(၇၀)၊ ကမ်းနီးကမ်းဝေး မျှောပိုက်အသင်း(ဖျာပုံ)မ (၁၀)သိန်း၊ ကွယ်လွန်သူ ဦးရဲစိုးအားရည်စူး၍ ဒေါ်မေကြည်ဝင်းမိသားစုမှ(၂)သိန်း၊ ဒေါ်မော်မော်ဝင်းနှင့် မောင်နှမများမှ(၁)သိန်း၊ ဆင်မင်း(စက်ဘီး၊ ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်)မှ ဘက်စုံသုံးဆပ်ပြာအဆီ(၁၀)ကတ်၊ ဆန်စက်ဆန်ကုန်သည်များအသင်းက အဝင်အထွက် ကန့်သတ် ထားရှိသောကျေးရွာ(၃)ရွာရှိ၊ အိမ်ထောင်စု(၄၆)စုအတွက် အိမ်ထောင်စု တစ်စုလျှင်(၁၂) ပြည်နှုန်းဖြင့် အချွန်ဆန်(၂၃)အိတ်၊ စုစုပေါင်းငွေ(၁၁၃)သိန်း၊ ဆန်(၂၃)အိတ်နှင့် ဆပ်ပြာအဆီ(၁၀)ကတ်အား ပေးအပ်လှူဒါန်း ရာ သက်ဆိုင်ရာတာဝန်ရှိသူများကလက်ခံရယူကြသည်။

ထိုနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် တိုင်း ကျန်းမာရေး ဦးစီးဌာနကထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်နှင့်အညီ အသွားအလာကန့်သတ်ထားသော ဖျာပုံမြို့နယ် ဂျိုဝါထလွန် ကျေးရွာအုပ်စု၊ ထလွန်ကျေးရွာ၊ ကျုံကူကျေးရွာအုပ်စု၊ ကုလားပဲချောင်းရိုးကျေးရွာ၊ ဂျိုဝါကြံခင်းကျေးရွာအုပ်စု၊ ရေကျော် ကျေးရွာတို့မှ Stay Home သတ်မှတ်ထားသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)