ငရုတ်ကောင်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယနေ့ နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ အထူးရဲသင်တန်းကို နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ ဆန္ဒမဲများ ပေးနိုင်ရန်ဖြစ်ပြီး၊ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ငပုတောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ခွဲကျွမ်းကျင် ဝန်ထမ်းများတို့က အထူးရဲသင်တန်းသား(၃၇)ဦး၏ Swab နမူနာရယူ၍ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အထူးရဲသင်တန်းသား(၃၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)