အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများ မီးဘေးသတိမူစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟ နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ရုံးအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အခက်အခဲ မရှိစေရေးအတွက် အိမ်ထောင်စုဇယား မိတ္တူစိစစ် ထုတ်ပေးခြင်းကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေ ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက် လျာထား ဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာပေါင်း (၁၈)ရွာတို့တွင် တိုင်းတာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Jan 22,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင် ထားသည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 22,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း( မိုးမောက်ရုံးခွဲ)မှ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအသိပညာပေးခြင်းနှင့် မသန်စွမ်းသူများ ဆိုင်ရာဥပဒေနှင့်နည်းဥပဒေ အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲခန့်က ကျင်းပရာ မိုးမောက်ရုံးခွဲ ဥက္ကဌ ဦးအောင်ဖြူစင်က အဖွင့်အမှာစကားပြောကြားသည်။