မင်္ဂလာဒုံ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမျိုးသမီးကလေးသင်တန်းကျောင်းတွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်အမျိုးသမီးကလေးသင်တန်းကျောင်းတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၇၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းဦးစီးမှူးဦးထိန်လင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူးဦးသိန်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌဦးအောင်မြင့်ကြိုင်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်သူအောင်တို့ တက်ရောက်ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်၍ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
သန္တာ(ပြန်/ဆက်)