ပွင့်ဖြူ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ပြောင်းရွှေ့ရမှုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာဆန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာ ဆန်ဖိုးငွေများ ထောက်ပံ့းအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ဖြစ်ပွားစေနိုင်သည့် အတွက် ဧရာဝတီမြစ် ကမ်းဘေးနှင့် မုန်းချောင်းဘေးတစ်လျှာက် ကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် အသက်အိုးအိမ်၊ စည်းစိမ်ထိခိုက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်း စီစဉ် ဆောင်ရွက်ကြစေလိုကြောင်း၊ နယ်မြေဒေသအလိုက် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့၍ လိုအပ်သည့်အကူအညီများ ရယူဆောင်ရွက်ကြစေလိုကြောင်း၊ ယခု နိုင်ငံတော်မှ ဒေသခံပြည်သူများ အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ သုံးစွဲသွားကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာမှ မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး၊ ထရံကာ(၂)ထပ် လူနေအိမ်တစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် (၈) ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၆၈၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၆၈၀၀ အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)