ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များ၊ ပြပွဲလေ့လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 01,2023
တွေ့ဆုံမေးမြန်း - ခင်စန္ဒာဆွေ(လက်ထောက်ညွှန်ကြားရေးမှူး၊ပြန်/ဆက်)
မှတ်တမ်းဓာတ်ပုံ - ကိုဇော်၊ ကျော်ဟိန်း(ခရိုင်ပြန်/ဆက်)
"ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုး အမြတ် အများကြီးရရှိပါတယ်။" (ဦးခင်ဇော်-လေးမျက်နှာ မြို့နယ်)
မေး ။ ပြပွဲမှာ ပါဝင်ပြသတဲ့ အကြောင်းအရာတွေနဲ့ အခုလို ပြခန်းတွေ ခင်းကျင်းပြသဆောင်ရွက်မှုအပေါ် လုပ်ငန်းရှင်တစ်ဦးရဲ့ အမြင်သဘောထားလေးကို မိတ်ဆက်ပြောကြားပေးပါရှင်။
ဖြေ ။ "ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီးရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေ လာရောက်ပြသတာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီး ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ ၁၉ မြို့နယ်ပါဝင်ပြီး ကျွန်တော်တို့က လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတမြို့ နယ် ပူးပေါင်းစီစဉ်ပြီး သင်ဖျာရက်တဲ့လုပ်ငန်းနဲ့ ကြိမ်ထည်လက်မှုပစ္စည်းတွေကို ပြသတာဖြစ်ပါတယ်။ ဒီပြခန်းမှာ ပါဝင်ပြသရတဲ့ အကြောင်းရင်းက ရေလုပ်သားတွေရဲ့ မိသားစုဝင်ငွေတိုးလာအောင်လို့ လက်မှုလုပ်ငန်းလေးတွေ တည်ထောင်ပေးထားတဲ့ သင်ဖြူးဖျာရက်တဲ့လုပ်ငန်းနဲ့ ကြိမ်ထိုးတဲ့ လုပ်ငန်းလေးတွေကို လက်တွေ့ပြသရင်း ဝယ်ယူလိုပါကလည်းရောင်းချပေးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ကြိမ်ထိုးတဲ့လုပ်ငန်းမှာ ရေလုပ်သား မိသားစုဝင် ၂၅ ဦးနှင့် သင်ဖျာလုပ်ငန်းမှာ မိသားစုဝင် ၄၀ ဦး ရှိပါတယ်။ ပြခန်းမှာ ငါးသယံ ဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးဇုံအနေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းပြကွက်၊ ငါးသုတေသနလုပ်ငန်းပြကွက်၊ SME လုပ်ငန်းတွေ ဝင်ငွေတိုးဖို့အတွက် ဆိတ်၊ ဝက်မွေးမြူရေး လုပ်ငန်းနဲ့ ဧရာဝတီတိုင်းတစ်တိုင်းလုံးအနေနဲ့ ဒီရေတောတွေ စိုက်ပျိုးခြင်းဆိုတဲ့ လုပ်ငန်းဆောင်ရွက်မှု ပြကွက်တွေကို ထည့်သွင်း ပြသထားပါတယ်။ ဧရာဝတီတိုင်း ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေပြီးတော့ တစ်တိုင်းလုံးမှာ ရေလုပ်သား မိသားစုတွေ ဝင်ငွေတိုးဖို့၊ သယံဇာတတွေ တိုးပွားဖို့၊ ဒီရေတောတွေ ထိန်းသိမ်းဖို့ လုပ်ငန်းတွေလုပ်နေပါတယ်။ အရင်က ဒီရေတောတွေ စိုက်ထားတာ ရှိကောင်းရှိခဲ့ပေမယ့် ကျွန်တော်တို့အဖွဲ့က ၂၀၁၄ ခုနှစ် ကနေစပြီး နှစ်စဉ် ဒီရေတောတွေ စိုက်ပျိုးလာတာဖြစ်ပါတယ်။ ဒီရေတောတွေ စိုက်ပျိုးခြင်းဖြင့် ကာဗွန်တွေ လျှော့ချဖို့နဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုတွေ များလာဖို့ ရည်ရွယ်ပြီး စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ အရင်တုန်းက ဒီရောက်တောတွေ ပြုန်းတီးနေတာတွေကို အများကြီးကျစ်လာအောင်၊ တိုးပွားလာအောင်လုပ်နိုင်တယ်၊ အဲ့ဒီ ဒီရောက်တောတွေမှာပဲ ငါးနေငါးထိုင်တွေ ပိုကောင်းလာတယ်။ အဲ့ဒီဘက်မှာပဲ သယံဇာတ ထိန်းသိမ်းတဲ့ ဇုန်တွေလည်းရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ငါးသလောက် ထိန်းသိမ်းတာတွေ၊ ငါးသယံဇာတတွေ ထိန်းသိမ်းတာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ အသင်းအဖွဲ့အနေနဲ့ ယာယီမှတ်ပုံတင်ထားပြီး ဖြစ်ပေမယ့် SME လုပ်ငန်း အတွက် မှတ်ပုံတင်ဖို့ကိုလည်း ချိတ်ဆက် ဆောင်ရွက်ထားပါတယ်။ လုပ်ငန်းမှတ်ပုံတင်ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။ ပြပွဲတွေ ပြသပေးခြင်းဖြင့်လက်ရှိမှာ ဝန်ကြီးချုပ်ကြီးအနေနဲ့လည်း ကျွန်တော်တို့အဖွဲ့ကို သိတယ်၊ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်တဲ့အခါမှာလည်း အလွယ်တကူ ခွင့်ပြုပေးတဲ့ အပိုင်းတွေရှိတယ်၊ နောက်တစ်ခါ ကျန်တဲ့မြို့နယ်တွေနဲ့ မိတ်ဆွေဖြစ်ပြီး SME လုပ်ငန်း မှတ်ပုံတင်ဖို့ ကိစ္စ အတွက်ကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာကနေ ကူညီပေးမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိသလို ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေလည်း ရောင်းရပါတယ်။ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးမှာ သွားရောက်ပြသတုန်းက ကျွန်တော်တို့မှာပါသွားတဲ့ သင်ဖျာတွေ ကုန်တဲ့ အထိ ရောင်းအားရခဲ့ပါတယ်။ ဒီလိုပြပွဲတွေမှာ ပါဝင်ပြသတဲ့အခါတိုင်း ပစ္စည်းတွေ ရောင်းရတယ်။ ဒီမနက်ဆိုရင် ကြိမ်ထည်လေးတွေပါ လာရောက် ဝယ်ယူအားပေးတာတွေရှိတဲ့ အတွက် ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုးအမြတ် အများကြီးရရှိပါတယ်။"