နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ကျေးလက်နေ တောင်သူအများစု လုပ်ကိုင်လျက်ရှိကြပါကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ  ပြည်တွင်းစားရေရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုအခြေခံသည့် ပြည်ပဝင်ငွေများ ရရှိမှာဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသ ကြီးပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊စီးပွားရေး ကောင်းမွန်ရေးတို့အတွက် ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ရာတွင် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ် ပြည့်စုံလုံလောက်မှသာ ပန်းတိုင်ရည်မှန်းချက် အထွက် နှုန်းရရှိမှာဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၏ အခြေအနေအားလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာမျိုးကျော်သူ က ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် အခြေအနေအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တိုင်းဦးစီးမှူးများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး မှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများ၊ ဝယ်ယူကြိတ်ခွဲလုပ်ငန်းရှင်များနှင့် သွင်းအားစု အဖွဲ့များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)