ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဇီးကုန်း  ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးမည့်ပျိုးပင်များအား တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍  ကျွန်းပင်(၁၀၀)၊ မန်ဂျန်ရှား(၁၀၀)၊ ကသစ်(၁၀၀)၊ သပြေဘူတ (၅၀) မဟော်ဂနီ(၁၀၀)၊ စုစုပေါင်းပျိုးပင်(၄၅၀)အား မြို့နယ်အားကစားကွင်း၌  မြို့နယ်သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးဇော်မိုးဦးနှင့် သစ်တောဝန်ထမ်းများက ဦးဆောင်၍ စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင် ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)