လားရှိုး ဇူလိုင် ၁
၂၀၂၃ ခုနှစ် မုတ်သုန်ဦးအထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က လားရှိုးမြို့၊ ဘူတာလမ်း၊ လားရှိုးမိုတယ်ရှေ့တွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အနေဖြင့် အမျိုးသားအားကစား အဆင့် အတန်းမြင့်မားထည်ဝါမှုသည် မိမိနိုင်ငံ မိမိလူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ဂုဏ်ဒြပ်တစ်ခုဖြစ်သည်ဟုခံယူကာ အမျိုးသား အားကစား မြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အားကစား တိုးတက်ရေးနှင့် လူငယ်လူရွယ်များ မိဘပြည်သူများ အားကစားကိုစိတ်ပါဝင်စားလာစေရေးအတွက် ရှမ်းပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း ယခုကျင်းပသည့် စက်ဘီးပြိုင်ပွဲတွင်လည်း ပန်းတိုင်ရောက်သည်အထိ ကြိုးကြိုးစားစား ပါဝင်ယှဉ်ပြိုင် ကစားသွားကြရန် အားပေးတိုက်တွန်းစကားပြောကြားခဲ့ သည်။
ယင်းနောက်ပြိုင်ပွဲကို စတင်ခဲ့ရာ အသက် ၂၅ နှစ်အောက်ပြိုင်ပွဲတွင် ပထမဆု မောင်ဘုန်းမြင့်မိုရ်သန့်၊ ဒုတိယဆု မောင်ဇင်ထူးအောင်၊ တတိယဆု မောင်မြတ်ထူးကျော် အသက် ၂၅ နှစ်အထက် ပြိုင်ပွဲတွင် ပထမဆု မောင်စိုးဝေလင်း၊ ဒုတိယဆု မောင်ရှိုင်းထက်အောင်၊တတိယဆု စိုင်းပေါင်မိန်း တို့က ဆုများ အသီးသီးရရှိခဲ့ပြီး ဆုရရှိသူများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများအား ပထမဆုငါးသိန်းကျပ်၊ ဒုတိယဆု လေးသိန်းကျပ်၊ တတိယဆုသုံးသိန်း ကျပ်၊ စတုတ္ထဆု နှစ်သိန်းကျပ်၊ ပဉ္စမဆုတစ်သိန်းကျပ်၊ဆဌမဆု၊သတ္တမဆု ငါးသောင်းကျပ်စီ ဆုများ ပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်