ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များ၊ ပြပွဲလေ့လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်း        - ခင်စန္ဒာဆွေ(လက်ထောက်ညွှန်ကြားရေးမှူး၊ပြန်/ဆက်)

မှတ်တမ်းဓာတ်ပုံ       - ကိုဇော်၊ ကျော်ဟိန်း(ခရိုင်ပြန်/ဆက်)

"ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုး အမြတ် အများကြီးရရှိပါတယ်။" (ဦးခင်ဇော်-လေးမျက်နှာ မြို့နယ်)

မေး ။  ပြပွဲမှာ ပါဝင်ပြသတဲ့ အကြောင်းအရာတွေနဲ့ အခုလို ပြခန်းတွေ ခင်းကျင်းပြသဆောင်ရွက်မှုအပေါ် လုပ်ငန်းရှင်တစ်ဦးရဲ့ အမြင်သဘောထားလေးကို မိတ်ဆက်ပြောကြားပေးပါရှင်။

ဖြေ ။   "ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီးရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေ လာရောက်ပြသတာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီး ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ ၁၉ မြို့နယ်ပါဝင်ပြီး ကျွန်တော်တို့က လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတမြို့ နယ် ပူးပေါင်းစီစဉ်ပြီး သင်ဖျာရက်တဲ့လုပ်ငန်းနဲ့ ကြိမ်ထည်လက်မှုပစ္စည်းတွေကို ပြသတာဖြစ်ပါတယ်။ ဒီပြခန်းမှာ ပါဝင်ပြသရတဲ့ အကြောင်းရင်းက ရေလုပ်သားတွေရဲ့ မိသားစုဝင်ငွေတိုးလာအောင်လို့ လက်မှုလုပ်ငန်းလေးတွေ တည်ထောင်ပေးထားတဲ့ သင်ဖြူးဖျာရက်တဲ့လုပ်ငန်းနဲ့  ကြိမ်ထိုးတဲ့ လုပ်ငန်းလေးတွေကို လက်တွေ့ပြသရင်း ဝယ်ယူလိုပါကလည်းရောင်းချပေးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ကြိမ်ထိုးတဲ့လုပ်ငန်းမှာ ရေလုပ်သား မိသားစုဝင် ၂၅ ဦးနှင့် သင်ဖျာလုပ်ငန်းမှာ မိသားစုဝင် ၄၀ ဦး ရှိပါတယ်။ ပြခန်းမှာ ငါးသယံ ဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးဇုံအနေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းပြကွက်၊ ငါးသုတေသနလုပ်ငန်းပြကွက်၊ SME လုပ်ငန်းတွေ ဝင်ငွေတိုးဖို့အတွက် ဆိတ်၊ ဝက်မွေးမြူရေး လုပ်ငန်းနဲ့ ဧရာဝတီတိုင်းတစ်တိုင်းလုံးအနေနဲ့ ဒီရေတောတွေ စိုက်ပျိုးခြင်းဆိုတဲ့ လုပ်ငန်းဆောင်ရွက်မှု ပြကွက်တွေကို ထည့်သွင်း ပြသထားပါတယ်။ ဧရာဝတီတိုင်း ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေပြီးတော့ တစ်တိုင်းလုံးမှာ ရေလုပ်သား မိသားစုတွေ ဝင်ငွေတိုးဖို့၊ သယံဇာတတွေ တိုးပွားဖို့၊ ဒီရေတောတွေ ထိန်းသိမ်းဖို့ လုပ်ငန်းတွေလုပ်နေပါတယ်။ အရင်က ဒီရေတောတွေ စိုက်ထားတာ ရှိကောင်းရှိခဲ့ပေမယ့် ကျွန်တော်တို့အဖွဲ့က ၂၀၁၄ ခုနှစ် ကနေစပြီး နှစ်စဉ် ဒီရေတောတွေ စိုက်ပျိုးလာတာဖြစ်ပါတယ်။ ဒီရေတောတွေ စိုက်ပျိုးခြင်းဖြင့် ကာဗွန်တွေ လျှော့ချဖို့နဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုတွေ များလာဖို့ ရည်ရွယ်ပြီး စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ အရင်တုန်းက ဒီရောက်တောတွေ ပြုန်းတီးနေတာတွေကို အများကြီးကျစ်လာအောင်၊ တိုးပွားလာအောင်လုပ်နိုင်တယ်၊ အဲ့ဒီ ဒီရောက်တောတွေမှာပဲ ငါးနေငါးထိုင်တွေ ပိုကောင်းလာတယ်။ အဲ့ဒီဘက်မှာပဲ သယံဇာတ ထိန်းသိမ်းတဲ့ ဇုန်တွေလည်းရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ငါးသလောက် ထိန်းသိမ်းတာတွေ၊ ငါးသယံဇာတတွေ ထိန်းသိမ်းတာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ   အသင်းအဖွဲ့အနေနဲ့ ယာယီမှတ်ပုံတင်ထားပြီး ဖြစ်ပေမယ့်  SME  လုပ်ငန်း အတွက် မှတ်ပုံတင်ဖို့ကိုလည်း ချိတ်ဆက် ဆောင်ရွက်ထားပါတယ်။ လုပ်ငန်းမှတ်ပုံတင်ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။ ပြပွဲတွေ ပြသပေးခြင်းဖြင့်လက်ရှိမှာ ဝန်ကြီးချုပ်ကြီးအနေနဲ့လည်း ကျွန်တော်တို့အဖွဲ့ကို သိတယ်၊ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်တဲ့အခါမှာလည်း အလွယ်တကူ ခွင့်ပြုပေးတဲ့ အပိုင်းတွေရှိတယ်၊ နောက်တစ်ခါ ကျန်တဲ့မြို့နယ်တွေနဲ့ မိတ်ဆွေဖြစ်ပြီး SME လုပ်ငန်း မှတ်ပုံတင်ဖို့ ကိစ္စ      အတွက်ကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာကနေ ကူညီပေးမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိသလို ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေလည်း ရောင်းရပါတယ်။ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးမှာ သွားရောက်ပြသတုန်းက ကျွန်တော်တို့မှာပါသွားတဲ့ သင်ဖျာတွေ ကုန်တဲ့ အထိ ရောင်းအားရခဲ့ပါတယ်။ ဒီလိုပြပွဲတွေမှာ ပါဝင်ပြသတဲ့အခါတိုင်း ပစ္စည်းတွေ  ရောင်းရတယ်။ ဒီမနက်ဆိုရင် ကြိမ်ထည်လေးတွေပါ လာရောက် ဝယ်ယူအားပေးတာတွေရှိတဲ့ အတွက် ပြပွဲတွေလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ ဒေသထုတ်ကုန်တွေကို ပြည်သူတွေ ပိုသိသွားသလို ဈေးကွက်လည်း ရရှိတဲ့အတွက် အကျိုးအမြတ် အများကြီးရရှိပါတယ်။"

"သွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမှုတွေကို အစိုးရအနေနဲ့ ထိန်းညှိပြီး လျှော့ချပေးနိုင်မယ်ဆိုရင်တော်တော်လေး အဆင်ပြေသွားပါမယ်။ (ဦးဖြိုးမောက်၊ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဒေသဖွံဖြိုးရေးအသင်း ဥက္ကဋ္ဌ)"

မေး။   လက်ရှိအခြေအနေမှာ ဆန်စပါးဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် ဒေသဆန်ကုန်သည်ကြီးများအနေနဲ့ ဆန်ဈေးနှုန်းလျော့ချပြီး ပြည်သူတွေကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးနေတာတွေ့ရပါတယ်။ ဒါဟာ ရေတိုလုပ်ငန်းတစ်ခုသာဖြစ်ပြီး ရေရှည်အတွက် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်နဲ့ ဘယ်လိုတွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပါလည်း။ ဆန်စပါး ဈေးနှုန်းမြှင့်တက်ရတဲ့အကြောင်း အချက်နဲ့ ဈေးနှုန်းတည်ငြိမ်ဖို့ ဘယ်လိုထိန်းညှိမှုတွေ လုပ်ဆောင်ရမယ်ဆိုတာနဲ့၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်နဲ့ ဖြည့်ဆည်းပေးရမှာများ ရှိရင်ပြောပြပေးပါရှင်။

ဖြေ။    လက်ရှိအချိန်မှာ ပြည်သူတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ဆန်ရောင်းချပေးနေပါတယ်။ ရေရှည်အတွက်ကတော့ ကျွန်တော်တို့က စက်ပိုင်တွေ၊ဆန်ကုန်သည်တွေကို ခေါ်ယူညှိနှိုင်းပြီးတော့မိုးတွင်း ဆန် ရှားပါးတဲ့ကာလမှာ ကျွန်တော်တို့ခရိုင်အတွင်းမှာ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ဖို့အတွက် ကြိုပြီးတော့ ဆန်စပါးပေါ်ချိန်ကတည်းက တောင်းထားပါတယ်။ ဒေသတွင်ထုတ်လုပ်မှုနဲ့ ဖြန့်ဝေမှုမှာ ကျွန်တော်တို့က အဓိက ရက် ၉၀၊ GW 11 ၊ဆင်းသုခရယ်စိုက်တယ်။ ကျွန်တော်တို့ ဒေသမှာ အများဆုံး စားသုံးတာက အဲ့ဒီဆန်တွေကိုပဲ စားသုံးတာများတဲ့အတွက် ဒေသတွင်း ဆန်ဖူလုံမှုရှိတယ်။ ဒီနှစ်မှာ ထူးခြားသွားတာက FDI က ခွင့်ပြုထားတဲ့ ကုန်သည်တွေက ဒီဒေသအထိ ဆင်းပြီးတော့ ဝယ်သွားတဲ့အတွက် ကျွန်တော်တို့ ဒေသက စပါးတော်တော်များများ ပါသွားတဲ့အတွက် ကျွန်တော်တို့ ဒီမှာဆန်ဈေး ပိုတက်သွားတာ ဖြစ်ပါတယ်။ အဓိကက FDI တွေ ၊အစိုးရက ခွင့်ပြုထားတဲ့ FDI တွေ အဲ့ကုန်သည်တွေက သူတို့က နိုင်ငံခြားတင်ပို့တဲ့အခါ ၁၀၀ ရာခိုင်နှုန်း ခံစားမှုရနေတယ်။ အဲ့ဒီအတွက် သူတို့က ဒီဆန်စပါးဈေးကွက်ကို ကြိုက်သလို ခြယ်လှယ်သွားတယ်။ အခုက ကျွန်တော်တို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို တင်ပြပါတယ်။ တင်ပြတဲ့အခါ အဖွဲ့ချုပ်ကလည်း အစိုးရကို FDI နဲ့ကျွန်တော်တို့ ကုန်သည်တွေနဲ့ ညီတူမျှတူဖြစ်ရေး တင်ပြထားပါတယ်။အဲ့လို ညီတူမျှတူဖြစ်သွားမှသာလည်း ဆန်ဈေးနှုန်း တည်ငြိမ်နိုင်မှာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ တောင်သူတွေ အနေနဲ့ကလည်း စပါးဈေး ၁၀ သိန်းဆို သူတို့လည်း တွက်ခြေကိုက်သလို    စားသုံးသူဘက်ကလည်း ဆန်တစ်ပြည် နှစ်ထောင်ပတ်ဝန်းကျင်ဆို အဆင်ပြေပါတယ်။ တောင်သူတွေဘက်ကတော့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးထားတော့ စပါးဈေးကောင်းရတယ်ဆိုရင် ရောင်းမှာဖြစ်ပါတယ်။  တောင်သူတွေအတွက် လိုအပ်ချက်ကတော့ စိုက်ပျိုးရေး    သွင်းအားစုတွေကို ဈေးပေါပေါနဲ့ရရင် ပိုကောင်းပါတယ်။ သွင်းအားစုတွေ ဈေးနှုန်းမြင့်တဲ့ အခါ တောင်သူတွေရဲ့ ထုတ်လုပ်မှု စရိတ် တွေကလည်း မြင့်တက်လာရခြင်းဖြစ်ပါတယ်။ ဒါတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရရှိမယ်ဆိုရင် စပါးဈေးလည်းကျမယ်၊ တောင်သူတွေအတွက်က ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်တာမှာ စက်သုံးဆီတွေပါ ပါဝင်နေတာဖြစ်တယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်တဲ့အတွက် စက်ငှားရမ်းခတွေပါ ပါဝင်မှုတွေရှိတယ်။ လူတိုင်း စက်မဝယ်    နိုင်တဲ့အတွက် စက်ငှားရမ်းခတွေ ၊ သွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမှုတွေကို အစိုးရအနေနဲ့ ထိန်းညှိပြီး လျှော့ချပေးနိုင်မယ်ဆိုရင် တော်တော်လေး အဆင်ပြေသွားပါမယ်။

"အဓိကကတော့ ကျွန်တော်တို့က နိုင်ငံခြားငွေသုံးစွဲမှု လျော့ချချင်တာနဲ့ ပြည်တွင်းဖြစ်ကို အားပေး အသုံးပြုစေချင်တာ ဖြစ်ပါတယ်။  ဒီအပေါ်မှာ ကျွန်တော်တို့ ဒေသတွင်း ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေက နိုင်ငံခြားက တင်သွင်းလာတဲ့ စက်တွေထက်ကို အရည်အသွေးမီပြီးကျော်လွန်နေတာတွေတောင် ရှိနေပါတယ်။ ကိုလင်းလင်း(ကိုလင်းလင်း လယ်ယာသုံးစက်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်သူ)

မေး။   ပြခန်းမှာပါဝင်ပြသတဲ့ စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘယ်အချိန်က စတင်ထုတ်လုပ်ပြီးဈေးကွက်ကိုဖြန့်ချိခဲ့တယ်ဆိုတာရယ်၊ စတင်ချိန်က ရင်းနှီးမြုပ်နှံမှု ဘယ်လောက်နဲ့ စတင်ခဲ့ပါလည်း။ ပြခန်းတွေ ခင်းကျင်းပြသပေးတဲ့အပေါ် လုပ်ငန်းရှင်တစ်ဦးရဲ့ အမြင်သဘောထားကိုပြောပြပေးပါရှင်။

ဖြေ။    ကျွန်တော်ကတော့ လယ်ယာသုံးစက်ပစ္စည်းတွေဖြစ်တဲ့ ထွန်စက်တွေ၊ ထရက်တာတွေရဲ့နောက်တွဲတွေနဲ့ အစိတ်အပိုင်းတွေ အစုံကို ကိုလင်းလင်းနာမည်နဲ့ပဲ ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။ ကျွန်တော်က စက်မှုလယ်ယာမှာ ၁၉၉၇ ခုနှစ်က ဝန်ထမ်းအဖြစ် ၁၉ နှစ် ဝင်ရောက်လုပ်ခဲ့ပြီးနောက် အလုပ်ကထွက်လိုက်တဲ့အခါမှာ ထွန်စက်ဆားဗစ်နဲ့တွဲပြီးတော့ နောက်တွဲကိရိယာတွေကို အကုန်ထုတ်တယ်။ ထွေလာတွေ၊ ဟိုက်ဒရောလစ်ထွေလာတွေ၊လေးဘီး၊ ခြောက်ဘီး ၁၅ တန်ထွေလာတွေ အပြင်၊ ပေါင်းခံစက်တွေမှာ သုံးတဲ့ဒလက်တွေ၊ မြေထိုးတဲ့ ဒိုဇာတွေထိ ထုတ်ပါတယ်။ ကုန်ကြမ်းတွေကိုတော့ ဟင်္သာတ ကရယ်၊ လိုအပ်တဲ့အခါ ရန်ကုန်၊ တောင်ဒဂုံကနေ  အဓိကသွားဝယ်ရပါတယ်။ လုပ်ငန်း စတင်တုန်းက တောင်သူကအပ်တယ်။ ရင်းနှီးမြုပ်နှံမှုက အဲ့ဒီအချိန်ကသိန်း ၈၀၀ နဲ့ ၁၀၀၀ကြား ရှိခဲ့ပါတယ်။ နကိုနှစ်တွေတုန်းကလှိုင်လှိုင်လေး အလုပ်လုပ်ခဲ့ရတယ်။ အခုတော့ အတော်များများ ဧရာဝတီတိုင်းထဲမှာ ကျွန်တော့ပစ္စည်းတွေ ပြည့်နေပြီဖြစ်ပါတယ်။ အများအားဖြင့် ကျိုက်လတ်ဘက်ကနေ မှာယူတာများပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ထွန်စက် ၁၈ ဘန်း တစ်စီးကို ၁၈ သိန်းနဲ့ ၊ ဘန်း ၂၀ ဆိုရင် သိန်း ၂၀ နဲ့ရောင်းခဲ့ရပေမယ့် အခုချိန်မှာတော့ ဘန်း ၂၀ ကို ကျပ်သိန်း ၅၇ နဲ့ ၅၈ သိန်းထိရှိပါတယ်။ ကုန်ပစ္စည်းဈေးတွေမှာ ဒေါ်လာဈေးတွေ အဆမတန်တက်သွားတော့ တောင်သူတွေအနေနဲ့ အဲ့ဒီအခက်အခဲတွေ ရှိသွားပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်သူအနေနဲ့ကလည်း အရင်လောက် ရင်းနှီးမြုပ်နှံမှု မပြုနိုင်တော့ အရင်လို ကျွန်တော်တို့က တစ်ဝက်ပေး တစ်ဝက်အကြွေးလေးနဲ့ ထားပေးခဲ့ပေမယ့် အခုတော့ လက်ငင်းစနစ်နဲ့ပဲ ရောင်းပေးနိုင်တော့ တောင်သူတွေအနေနဲ့လည်း အသုံးပြုမှုနည်းသွားတာရှိတယ်။ အရင်ကဆိုရင် ထွန်ဆိုရင် အလက် ၁၀၀ လောက်ရောင်းခဲ့ရပါတယ်။ အခုတော့ ၅၀ လောက်ပဲ ရောင်းရတော့တယ်။ လုပ်သားအင်အား ၃၀ ဦးနဲ့ ကျွန်တော့အိမ်မှာပဲ ဆားဗစ်လည်း ပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်က ရင်းနှီးမြုပ်နှံမှု ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ငွေကြေးထောက်ပံ့မှုတွေ ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ထုတ်နိုင်တဲ့စွမ်းအားတွေရှိတယ်။နောက်မှာကငွေကြေးအင်အားမတတ်နိုင်တော့နောက်ဆုတ် နေရတာ ရှိတယ်။ အဓိကကတော့ နိုင်ငံခြားငွေလျှော့ချပြီး ပြည်တွင်းဖြစ်ကို အဓိက သုံးစေချင်တာပေါ့။ ပြည်တွင်းကလည်း နိုင်ငံခြားကဟာတွေနဲ့ ကွာလတီနဲ့မီတယ်လို့ပြောလို့ရတယ်။ တချို့ဟာတွေဆိုရင် ကျော်လွန်တဲ့ဟာတွေ ကျွန်တော်တို့မှာ အများကြီး ရှိပါတယ်။ ပြခန်းတွေ လုပ်ပေးတော့ ကျွန်တော်တို့မြို့၊ ကျွန်တော်တို့ခရိုင်မှာ ဘာတွေ ထုတ်လုပ်နေတယ်ဆိုတာ အများပြည်သူ သိသွားရတော့ ကျွန်တော်တို့ဝမ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ဒေသမှာ ထွက်ရှိတဲ့ သစ်တော ထွက်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ စက်မှုလက်မှုအနေနနဲ့ဘာလုပ်ငန်းတွေ လုပ်နေ     တယ်ဆိုတာကို မသိသေးတဲ့သူတွေ   သိသွားရတော့ ကျွန်တော်တို့အတွက် ပိုပြီးတော့  အကျိုးရှိသွားတယ်လို့မြင်ပါတယ်။

"ပြပွဲကို လာရောက်လေ့လာတဲ့အခါ ကိုယ်မသိသေးတဲ့ ဒေသထုတ်ကုန်တွေကို ပိုပြီး သိခဲ့ရပါတယ်။ ပြည်သူတွေအတွက် မျက်စိပွင့်၊ နားပွင့်ဖြစ်စေပါတယ်။ (ကိုမျိုးမြင့်မောင်၊ ပဲကြီးကျွန်းကျေးရွာ၊ ဟင်္သာတ)

မေး။   ပြပွဲကို ဘယ်နေရာကနေ လာရောက်လေ့လာတာပါလည်း။ ပြသထားတဲ့ ပြခန်းတွေထဲမှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပြခန်းရှိရင်ပြောပြပေးပါရှင်။ ပြခန်းတွေကို လေ့လာ ကြည့်ရှုခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာ ပြောပြပေးပါရှင်။

ဖြေ။  ပြပွဲကို ပဲကြီးကျွန်းကျေးရွာကနေ လာရောက်လေ့လာတာပါ။ ဒီပြပွဲကို လာလိုက်တဲ့အခါမှာ ကျွန်တော်တို့ သိတာက ငရုတ်၊ ပဲတီစိမ်း၊ ပဲစိမ်းအနီ၊ ပဲရင်း အဲ့လောက်ပဲသိတာ။ဒီပြခန်းမှာ ပြသထားတဲ့ ပဲမျိုးစုံကို တွေ့မြင်ရတဲ့အတွက် ပြပွဲတွေ ဖွင့်လှစ်ပြသခြင်းဟာ ကျွန်တော်တို့  ပြည်သူတွေအတွက် မျက်စိပွင့်၊ နားပွင့်ဖြစ်စေပါတယ်။ သစ်ပင်ပန်းမာန်တွေဆိုလည်း အစုံမြင်ရတယ်။ ကျွန်တော်တို့ဒေသမှာ မတွေ့မမြင်ရသေးဖူးတဲ့ အပင်မျိုးစုံကို တွေ့ရတယ်။ ပြပွဲရဲ့အရှေ့ဘက်မှာဆိုရင်လည်း တောင်သူတွေအတွက် လယ်ယာသုံး ထွန်စက်တွေ၊ စက်တွေကို ၂၀ ရာခိုင်နှုန်း ဈေးချရောင်းပေးတဲ့အတွက် ပုံမှန် ၁၀၀ ပေးဝယ်ရမယ့်အချိန်မှာ ခုလိုမျိုးအချိန်က ၈၀ နဲ့ ဝယ်ရမယ်ဆိုတော့ အဲ့ဒီအတွက် ကောင်းပါတယ်။

ခင်စန္ဒာဆွေ