မင်းဘူး ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတော်ရင်ပြင်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို ပြည်ထဲရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မဉ္ဇူသကဝတ်ရွတ်အသင်း၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကုမုဒြာဝတ်ရွတ်အသင်း၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဓမ္မပါလဝတ်ရွတ်အသင်း၊ စလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လင်းဂုဏ်ရောင်ဝတ်ရွတ်အသင်းနှင့် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယုဝတီဝတ်ရွတ်အသင်းတို့မှ တစ်ဖွဲ့လျှင် (၂၂)ဦးဖြင့် အဖွဲ့လိုက် အလွတ်ရွတ်ဆို ပူဇော်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးခဲ့ပြီး ဆုရရှိခဲ့သော ဝတ်ရွတ်အသင်းအဖွဲ့များကို မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)