အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2021
နိုင်ငံနှင့်အဝှမ်းကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ရောဂါကာကွယ်ရေး စည်ကမ်းချက်များကို မော်တော်ယာဉ်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့က လိုက်လံနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရသည်။
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့မဈေးကြီးနှင့် မြို့တွင်းလမ်းဆုံနေရာများတွင် လမ်းသွားလာနေသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Jul 24,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာတွင် ယနေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
Jul 24,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း Stay At Home သတ်မှတ်ကြေငြာထားသည့် အသိပညာပေး ဗီနိုင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ရန် အတွက် လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများနှင့် မြို့အဝင်ဂိတ်များဖြစ်သော နေရာများတွင် ဗီနိုင်းများ ချိတ်ဆွဲခြင်းဖြင့် အသိပညာပေးခြင်းလုပ်ငန်းကို ဇူလိုင်(၂၃)ရက် နေ့လယ် (၂)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် ၂၉၃/၂၀၂၁ ဖြင့် ဖားကန့်မြို့နယ်အား Stay At Home သတ်မှတ်ကြေညာထားရှိမှုအပေါ် အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အတွက် ဗီနိုင်းများ ချိတ်ဆွဲ၍ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jul 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတားအား ပြုပြင်ပြီး၍ မိုင်းယောင်း-မိုင်းယုသို့ ၁၃တန်အောက်ကားများ ဇူလိုင် ၂၃ ရက်နေ့ကစတင်၍ တစ်စီးချင်း ဖြတ်သန်း သွားလာနိုင်ပြီးဖြစ်သည်။
Jul 24,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား အများပြည်သူတို့ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ကြစေရေးကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ယနေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များ နှင့် လူအများသွားလာလှုပ်ရှားလျက်ရှိသော စျေးတို့၌ Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jul 24,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါလူနာများ ကုသရေးတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အရည်များကို ယမန်နေ့နံနက် ၄ နာရီက မုဒုံမြို့နယ် မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ မြဝတီ-မဲဆောက်သို့ သွားရောက် သယ်ဆောင် လျက်ရှိကြောင်း သိရသည်။
Jul 24,2021
လမိုင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမိုင်းမြို့ မီးသတ်စခန်း ဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက် (၈) နာရီ အချိန်တွင် မြို့တွင်းအသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။