မုဒုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါလူနာများအတွက် လိုအပ်သော အောက်ဆီဂျင် အရည်များကို မြဝတီ-မဲဆောက်မှ သွားရောက်သယ်ဆောင်

မုဒုံ ဇူလိုင် ၂၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါလူနာများ ကုသရေးတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အရည်များကို ယမန်နေ့နံနက် ၄ နာရီက မုဒုံမြို့နယ် မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ မြဝတီ-မဲဆောက်သို့ သွားရောက် သယ်ဆောင် လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသနိုင်ရေးတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် ပြည်သူများမှ လှူဒါန်းထားသော Oxygen Concentrator စက်(၁၅)လုံး၊ အောက်ဆီဂျင်အိုးများကို ပြည်နယ်ကျန်းမားရေးဌာနမှ (၉)လုံး၊ လှုမှုရေးအသင်းအဖွဲ့ (၆)ဖွဲ့မှ (၂၀)လုံး၊ မြို့နယ်တပ်ရင်းမှ (၃)လုံး စုစုပေါင်း (၃၂)လုံးရှိပြီး မြို့နယ်အတွင်းမှ စေတနာရှင်ပြည် သူများတို့က စုပေါင်း၍ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များသို့ အလှူငွေများပေးအပ် လှူဒါန်းခဲ့ရာ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ အတွက် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၄၀အား အောက်ဆီဂျင်အရည်ကို တစ်နေ့လျှင် (၁၀)လုံး လေးရက်စာ စုစုပေါင်းအလုံး(၄၀)ကို မြဝတီ-မဲဆောက်မှ သွား ရောက်ဖြည့်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင် အရည်များ ကို မော်လမြိုင်မြို့ သံလွင်အောက်ဆီဂျင်စက်ရုံမှ လည်ကောင်း၊ ရေးမြို့နယ် အောက်ဆီဂျင် စက်ရုံမှလည်ကောင်း မြို့နယ်အတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များတို့က သွားရောက်ဖြည့်သွင်းသယ်ဆောင်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)