သထုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျသောကြောင့် လူနေအဆောက်အဦ:အချို့ ထိခိုက်ပျက်စီး

သထုံ ဇူလိုင် ၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာတွင် ယနေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဒေးဗရိန်းကျေးရွာ၊ ကားလမ်းမဘေးရှိ အုတ်ပတ်ကာ၊ သွပ်မိုး(၂)ထပ် နေအိမ်တစ်လုံး၏ အရှေ့ဘက် မျက်နှာစာ နေအိမ်ပေါ်သို့ လုံးပတ် ၄ ပေခန့်၊ အမြင့်ပေ ၃၀ ခန့်ရှိ သရက်ပင် လဲကျ၍ ခေါင်မိုးသွပ်အချို့ပျက်စီးပြီး အုတ်ပတ်ကာ၊ ပျဉ်ထောင်သွပ်မိုးနေအိမ်တစ်လုံး၏ အနောက်ဘက်အဆောင်ပေါ်သို့ ဆိပ်ချေးပင်ကိုင်းကျိုးကျသောကြောင့် ပြိုကျပျက်စီးခဲ့ရကြောင်း မူလွန်(ဒေးဗရိန်း)ကျောင်း ခြံစည်းရိုး အုတ်တံတိုင်းပေါ်သို့ လုံးပတ်(၁)ပေပတ်လည်ခန့်၊ အမြင့် ၁၅ ပေခန့်ရှိ ဗန်ဒါပင်လဲကျ၍ ခြံစည်းရိုး အုတ်တံတိုင်းပေါ် ကာရံထားသည့် သံပန်း ပေ ၂၀ ကျော်ခန့်နှင့်အတူ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ အမြင့် ၇ ပေရှိ သွပ်မိုး၊ စက်ဘီးထားသည့်အဆောင်လည်း ပျက်စီးခဲ့ရ‌ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့ ကူညီရှင်းလင်းပေးခဲ့ကြပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)