ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ထိရောက်မှုရှိစေရန် နှိုးဆော်ရေးယာဉ်များဖြင့် မြို့အနှံ့ နေ့စဉ်လိုက်လံ နှိုးဆော်ကြေညာလျက်ရှိ

ကော့သောင်း ဇူလိုင် ၂၄
 
နိုင်ငံနှင့်အဝှမ်းကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ် ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ရောဂါကာကွယ်ရေး စည်ကမ်းချက်များကို မော်တော်ယာဉ်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့က လိုက်လံနှိုးဆော် ကြေညာလျက် ရှိကြောင်း သိရသည်။
 
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် မြို့နေပြည်သူများ လက်ရှိအခြေအနေတွင် မိမိအိမ်တွင်း၌သာ နေထိုင်ကြရေး၊ ဧည့်သည်များ လက်မခံကြဘဲ မိမိကိုယ်တိုင် လည်း အခြားသူ များထံ မသွားရောက်ကြရေး၊ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင် သွားလာကြရေး၊ ကျန်းမာရေးနှင်အားကစား ဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်ကြေညာချက် များ အတိုင်း စနစ်တကျ ပူးပေါင်းလိုက်နာဆောင်ရွက်ကြရေး၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချကြရေး၊ ဈေးများမှ ဈေးရောင်း၊ ဈေးဝယ်များအား ပါးစပ် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် ရောင်းဝယ်ကြရေး၊ နေ့စဉ်နှိုးဆော်ရေး မော်တော်ယာဉ်များဖြင့် မြို့နယ်၊ မြို့များနှင့် ကျေးရွာများအနှံ့ လှည့်လည်နှိုးဆော် အသိပေးမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရောဂါထိန်းချုပ်ရေး အခြားလုပ်ငန်း များအား တာဝန်ရှိအဖွဲ့အစည်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ကျော်စိုး