မိုင်းယုမြို့၌ နမ့်ကုတ်ကျေးရွာအနီး တံတားပြုပြင်ပြီး၍ မိုင်းယောင်း-မိုင်းယုသို့ ၁၃တန် အောက်ကားများ တစ်စီးချင်းဖြတ်သန်းသွားလာနိုင်

မိုင်းယု ဇူလိုင် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့  တာကြန့်ကျေးရွာအုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတားအား ပြုပြင်ပြီး၍ မိုင်းယောင်း-မိုင်းယုသို့ ၁၃တန်အောက်ကားများ ဇူလိုင် ၂၃ ရက်နေ့ကစတင်၍ တစ်စီးချင်း ဖြတ်သန်း သွားလာနိုင်ပြီးဖြစ်သည်။

တံတားပြုပြင်ရာ၌ မိုင်းယုမြို့လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နိယာ ဦးဟန်ရည်ထွန်း နှင့်အဖွဲ့များတို့မှ  ပြည်သူများ လတ်တလော အမြန်သွားလာနိုင်ရန်အတွက် ပျက်စီးခဲ့သည့် တံတားနေရာ၌ (သံဘောင်ပါ)သံတံတားဟောင်းတစ်စင်းအား အစားထိုးခြင်း၊ သစ်သားခုံ များခံခြင်း၊ ချောင်းအတွင်း ရေလွှဲမြောင်းတူးဖော်ပေးခြင်း၊ တံတားချဉ်းကပ်နေရာအား မြေသားများဖြည့်တင်းခြင်းနှင့် သဲကျောက်များ ဖြည့်တင်းခြင်းများကို အမြန်ဆောင်ရွက် နေလျက်ရှိရာ ယခုအခါ တံတားမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်၍ (၁၃)တန်အောက် ကာကြီး/ငယ်များ တံတားပေါ်တွင် တစ်စီးချင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)