အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။
Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆန်စပါးအပြင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ သီးပင်ကျေးရွာတွင် မုန်လာဉစိုက်ပျိုးသူများ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်းနှင့် မုန်လာဉသီးနှံ စိုက်ပျိုးသူများအနေဖြင့် အထွက်နှုန်းကောင်းသည့် ဆင်စွယ်မုန်လာဉမျိုးများ အဓိထားစိုက်ပျိုးကြောင်း သိရသည်။ မုန်လာဉပင်သည် သဲနုံမြေတွင် စိုက်ပျိုးပါက ကောင်းစွာဖြစ်ထွန်း သိရသည်။
Mar 20,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးမခမျှစ်ခါးများကို ပြည်သူများ ကြိုက်နှစ်သက်သောကြောင့် စားသုံးမှုများပြားနေသည့်အတွက် မိုးမခမျှစ်ခါး ရှာဖွေတူးဖော် ရောင်းချနေသည့် ကျေးလက်တောင်သူများမှာ တစ်စီးလျင်ကျပ် ငါးထောင်ထိရ၍ တူးဖော် ရောင်းချသူတို့အဖို့ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 20,2023
သီပေါဘုရင်မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော အရှေ့ပြင်နယ်လုံးဆိုင်ရာ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား သက်တော် (၁၄၀) ပြည့်နှစ်ကို ရည်မှန်း၍ ဘုရားအမှူးပြုသော သံဃာတော် (၁၄၁)ပါးတို့အား (၂၉)ကြိမ်မြောက် သံဃဒါနဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်ရှိ မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ပရိဝုဏ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါး ဧက ၃၇၀ လျာထားစိုက်ပျိုးမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်များ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်အစပ်သီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖောက်သည်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း တောင်သူဒေါ်ရီသန်းထံမှ သိရသည်။
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆီထွက် သီးနှံ‌ဆောင်းနှမ်းစိုက်ဧက ၆၃၁၃ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရကာ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး ဖေဖော်ဝါရီလ ပထမတ်က စတင်ရိတ်သိမ်းခဲ့ရာ ယခုအခါ ဆီထွက်သီးနှံ ဆောင်းနှမ်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။