ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဆင်းပွဲကျင်းပ

ပုဇွန်တောင် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က သင်တန်းဆင်းပွဲ ကျင်းပရခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်စာပေဖတ်ရှုနိုင်ကြောင်း၊ သင်တန်းများဖွင့်လှစ်ပါက တက်ရောက်လေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမ စာရေးဆရာမ လမင်းအိမ်(ဥပဒေ)က သင်တန်းသား၊ သင်တန်းသူများအား ပန်းချီပညာနှင့်ပတ်သက်၍ မိမိထံတွင် အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ပန်းချီပညာကိုလည်း အမြဲလေ့လာရေးဆွဲသင့်ပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ပန်းချီဆရာမနှင့် ကူညီထောက်ပံ့ပေးသူ ဆရာမ မေမြတ်စန္ဒာတို့အား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပန်းချီသင်တန်းမှ ပို့ချပေးသည့် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ ဆခွဲနည်း၊ (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို သင်တန်းသား(၅၀)ဦးအား မတ်လ(၁၃)ရက်နေ့ မတ်လ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့ထိ တွင်လည်း ယဉ်ကျေးလိမ္မာသင်တန်းအား မြန်မာ+အင်္ဂလိပ်နှစ်ဘာသာဖြင့် သင်ကြားဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ် (ပြန်/ ဆက်)