မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရား (၂၉)ကြိမ်မြောက် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကာသိုက်မြိုက်စွာ ကျင်းပ

မန္တလေး မတ် ၂၀

သီပေါဘုရင်မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော အရှေ့ပြင်နယ်လုံးဆိုင်ရာ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား သက်တော် (၁၄၀) ပြည့်နှစ်ကို ရည်မှန်း၍ ဘုရားအမှူးပြုသော သံဃာတော် (၁၄၁)ပါးတို့အား (၂၉)ကြိမ်မြောက် သံဃဒါနဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်ရှိ မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ပရိဝုဏ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ အခမ်းအနားတွင် အရှေ့ပြင် ဆင်တဲတိုက်၊ သာသနာလင်္ကာရကျောင်းဆရာတော်၊ မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရား ဂေါပက အဖွဲ့ဩဝါဒါစရိယ၊ ရေတော်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣဿရာလင်္ကာရာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားအား ဖူးမြှော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြည်တို့က သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆရာတော်သံဃာ တော်(၁၄၁)ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ကြသည်။

အဆိုပါ မဟာလောကရန်နှိမ်မြတ်စွာဘုရားစေတီတော်ကို သီပေါဘုရင်မင်းမြတ်မှ ၁၂၄၄ ခု၊ တပေါင်းလဆန်း (၃)ရက်နေ့တွင် သံတောင်တစ်တောင်လျှင် တစ်ပေခွဲရှိပြီး သံခုနစ်တောင်ထား၍ ခုနစ်ရက်ဖြင့်အပြီး တည်ထားကိုးကွယ်ခဲ့ကြောင်းနှင့် တပေါင်းလဆန်း (၁၁)ရက်နေ့တွင် ရွှေထီးအထွဋ် တင်လှူတော်မူခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်