ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင်  မုန်လာဉစိုက်ပျိုးသူများ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချရသဖြင့် မိသားစုများ အဆင်ပြေ

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆန်စပါးအပြင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ သီးပင်ကျေးရွာတွင် မုန်လာဉစိုက်ပျိုးသူများ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်းနှင့် မုန်လာဉသီးနှံ စိုက်ပျိုးသူများအနေဖြင့် အထွက်နှုန်းကောင်းသည့် ဆင်စွယ်မုန်လာဉမျိုးများ အဓိထားစိုက်ပျိုးကြောင်း သိရသည်။ မုန်လာဉပင်သည် သဲနုံမြေတွင် စိုက်ပျိုးပါက ကောင်းစွာဖြစ်ထွန်း သိရသည်။

မုန်လာဥပင်သည် ဆောင်းရာသီတွင် ပိုမိုဖြစ်ထွန်းသော်လည်း တောင်သူများအနေနှင့် မြစ်ဘေး/ ချောင်းဘေးရှိ မြေနုသဲနှုန်းများတွင် နှစ်ပတ်လည်စိုက်ပျိုးကြကြောင်း သိရှိရကာ ဆင်စွယ်မုန်လာမျိုး (၁)ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၃)ထုပ်ကုန်ကြောင်း စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ ထွန်ကြောင်း စိုက်စနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးနိုင်ကြောင်းနှင့် ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက ရေသွင်းရေထုတ် ပြုလုပ်နိုင်သဖြင့် အောင်မြင်မှုသေချာကြောင်း၊  စိုက်ပျိုးပြီး အပင်(၄၅)ရက်သားတွင် စတင်နှုတ်ပြီး ဈေးကွက်သို့ ရောင်းချနိုင်ကြောင်း ဈေးကွက်ကောင်းမွန်ပါက ပွဲစားများမှ အခင်းပြတ် လာရောက်ဝယ်ယူကြကြောင်း တောင်နောက်ကျေးရွာအုပ်စု၊ သီးပင်ကျေးရွာမှ မုန်လာဉ (၁)ဧက စိုက်ပျိုးထားသည့် တောင်သူညိုတင်က ပြောပြသည်။

ကုန်ကျစရိတ်အနေဖြင့် မုန်လာဉသီးနှံ(၁)ဧက  စိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၃)သိန်းခွဲမှ(၄)သိန်း ကျော်အထိ ကုန်ကျကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ရာသီနှင့် တစ်ရာသီ မတူကြောင်းနှင့် ဈေးကွက်မကောင်းပါက တောင်သူများအနေဖြင့် ရွာစဉ်များသို့ လှည့်လည်ရောင်းချသည့် ရွေ့လျားဈေးသည်များထံသို့ လက်လီရောင်းချရကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)