ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနှမ်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆီထွက် သီးနှံ‌ဆောင်းနှမ်းစိုက်ဧက ၆၃၁၃ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရကာ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး ဖေဖော်ဝါရီလ ပထမတ်က စတင်ရိတ်သိမ်းခဲ့ရာ ယခုအခါ ဆီထွက်သီးနှံ ဆောင်းနှမ်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေန်အတွက် မြေပဲ ၂၉၃၈ ဧက၊ နှမ်း ၆၃၁၃ ဧက၊ နေကြာ ၁၂၈၀၅ ဧက၊ ပန်းနှမ်း ၁၂၇ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံဧက ၂၂၁၈၃ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆီထွက်သီးနှံများအနက် ဆောင်းနှမ်းစိုက်ခင်းများကို ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် အတွက် ဖေဖော်ဝါရီ ပထမပတ်ကစပြီး နေ့စားအလုပ်သမားများ ငှားရမ်း၍ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယခု မတ်လ ဒုတိယပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီး စီးခဲ့ကြောင်း သိရသည်။

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်မှာ ဆီထွက်သီးနှံစုံဧက ၃၁၃၄၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု အနေနဲ့ မြေပဲ ၂၉၃၈ ဧက၊ နှမ်း ၆၃၁၃ ဧက၊ နေကြာ ၁၂၈၀၅ ဧက၊ ပန်းနှမ်း ၁၂၇ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံဧက ၂၂၁၈၃ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဆီထွက် သီးနှံတွေထဲမှာ ဆောင်းနှမ်းသီးနှံ အထွက်နှုန်းက တစ်ဧက ပျမ်းမျှ ၇ ဒသမ ၁၈ တင်း၊ မြေပဲသီးနှံက တစ်ဧက ၄၉ ဒသမ ၆၅ တင်း ၊ နေကြာသီးနှံက တစ်ဧက ပျမ်းမျှ ၂၂ ဒသမ ၁၄ တင်း ထွက်ရှိပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတစ်ဦးချင်း သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ‌‌ဒေသခံ တောင်သူတွေကို စိုက်ပျိုးရေးနည်းစနစ်နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာများကို ပံ့ပိုးကူညီပေးထားပါတယ်။ ဒါ့အပြင် သီးနှံအလိုက် ရိတ်သိမ်းခြွေလှေ့ရာ၌  လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် အချိန်မီ စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်းနည်းစနစ်တွေကိုလဲ ဖြည့်ဆည်းဆောင်ရွက် ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ  တိုးတက် မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့် ရွှေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ သဘာဝဓာတ်မြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲတတ်စေရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )