သတင်းများ

တောင်သာမြို့နယ်တွင် သံဃာငါးပါး ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိ
Jul 07,2021
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် စလင်းကျောင်းတိုက်တွင် နေထိုင်သော သံဃာတစ်ပါးသည် ဇွန်လ(၂၈)ရက်နေ့က မန္တလေးမြို့မှ တောင်သာမြို့နယ် မင်းတည်းအုပ်စု၊ မင်းတည်းကျေးရွာ အနောက် ဘုန်းတော်ကြီးကျောင်းသို့ ပြန်လာခဲ့ရာ (၃)ရက်အကြာတွင် ဖျားနာပြီး လည်ချောင်းနာသဖြင့် တောင်သာမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် RDT Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ တောင်သာမြို့ ပြည်သူ့ဆေးရုံသီးသန့်ခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၆)ဦး ထပ်မံတွေ့ရှိ
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေးပေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျောက်ပန်းတောင်း-ပုပ္ပားလမ်း ဆည်ပေါက်ချောင်းတွင် ကားတစ်စီး ရေမျောမှုဖြစ်ပွား
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ပုပ္ပားသွားကားလမ်းရှိ ဆည်ပေါက်ချောင်းတွင်၊ ဇူလိုင်(၆)ရက်နေ့ ည(၇;၃၀)နာရီက ချောင်းရေကျနေစဉ် ဖြတ်သန်းမောင်းနှင်သည့် Probox ယာဉ်(၁)စီး ချောင်း ရေနှင့်အတူမျောပါမှုဖြစ်ပွားခဲ့ပြီး၊ ပြန်လည်ဆယ်ယူရရှိချိန်တွင် ယာဉ်မောင်းသူမှာ ကားအတွင်းသေဆုံးလျှက် တွေ့ရှိရကြောင်း သိရသည်။
တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၉)ဦးထပ်မံတွေ့ရှိ
Jul 07,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သည့် (၁၃)ဦးအား ယနေ့နံနက်ပိုင်းက Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၉)ဦး ထပ်မံတွေ့ရှိရပြီး ၎င်းတို့နှင့် ထိတွေ့သူများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ် ထားရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
တီးတိန်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးရာ ပိုးတွေ့(၈)ဦး ထပ်မံတွေ့ရှိ
Jul 07,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၆ ရက်နေ့တွင် (၂၃) ဦး စစ်ဆေးရာ(၈)ဦး တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
ဖျာပုံမြို့နယ်တွင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတား စစ်ဆေးရေးဂိတ်နှင့် ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား၊ အပူချိန်တိုင်းတာခြင်း ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ ကျော် နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော် ဆောင်ရွက်ပေးပြီး
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရ ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် မေလဆန်းမှ စတင်၍ ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ကျော်နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော်တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။