ကျောက်ပန်းတောင်း-ပုပ္ပားလမ်း ဆည်ပေါက်ချောင်းတွင် ကားတစ်စီး ရေမျောမှုဖြစ်ပွား

ကျောက်ပန်းတောင်း၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ပုပ္ပားသွားကားလမ်းရှိ ဆည်ပေါက်ချောင်းတွင်၊ ဇူလိုင်(၆)ရက်နေ့ ည(၇;၃၀)နာရီက ချောင်းရေကျနေစဉ် ဖြတ်သန်းမောင်းနှင်သည့် Probox ယာဉ်(၁)စီး ချောင်း ရေနှင့်အတူမျောပါမှုဖြစ်ပွားခဲ့ပြီး၊ ပြန်လည်ဆယ်ယူရရှိချိန်တွင် ယာဉ်မောင်းသူမှာ ကားအတွင်းသေဆုံးလျှက် တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့နယ်တွင် ဇူလိုင်(၆)ရက်နေ့ ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ ကျောက်ပန်းတောင်း-ပုပ္ပားလမ်း၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ချောင်း ချောင်းရေကျဆင်းခဲ့သည်။ ထိုသို့ ချောင်းရေကျဆင်းနေချိန်တွင်ပုပ္ပားဘက်မှ ကျောက်ပန်းတောင်းဘက်သို့ မောင်းနှင်လာသော Probox ယာဉ်သည် ချောင်းအတွင်း ဖြတ်သန်းမောင်းနှင်စဉ်၊ ကားမှာ ရေစီးနှင့် အတူမျောပါသွားခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ မြို့နယ်မီးသတ် တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ၊ ရေစီးနှင့် မျောပါသွားသည့် Probox ယာဉ်ကို ချောင်း၏ အောက်ဘက် (၂)ဖာလုံခန့်အကွာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယဉ်မောင်းမှာ ကားအတွင်းသေဆုံးလျှက် တွေ့ရှိရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အဖွဲ့ဝင် ဗိုလ်မှူး မိုးကိုကိုနှင့်အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မီး သတ်ဦးစီးမှူးတို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်