တောင်သာမြို့နယ်တွင် သံဃာငါးပါး ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိ

တောင်သာ ဇူလိုင် ၇

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် စလင်းကျောင်းတိုက်တွင် နေထိုင်သော သံဃာတစ်ပါးသည် ဇွန်လ(၂၈)ရက်နေ့က မန္တလေးမြို့မှ တောင်သာမြို့နယ် မင်းတည်းအုပ်စု၊ မင်းတည်းကျေးရွာ အနောက် ဘုန်းတော်ကြီးကျောင်းသို့ ပြန်လာခဲ့ရာ (၃)ရက်အကြာတွင် ဖျားနာပြီး လည်ချောင်းနာသဖြင့် တောင်သာမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် RDT Kit  ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ တောင်သာမြို့ ပြည်သူ့ဆေးရုံသီးသန့်ခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၁၈)ဦးအား  မင်းတည်းကျေးရွာ  မင်းတည်း ဘုန်းတော်ကြီး အနောက်ကျောင်း CBFQ တွင်ထားရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၁၈)ဦး Swab နမူနာများအား မန္တလေးတိုင်းဒေသကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ သံဃာ(၅)ပါး  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ တောင်သာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း (၆၀)ဦးရှိပြီး သေဆုံးသံဃာ(၁)ပါးနှင့် ဆေးရုံဆင်းသူ (၂)ဦးရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)