Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား မြဝတီ စစ်ဆေးရေးဂိတ်၌ စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် မေ ၂၉

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား မြဝတီ စစ်ဆေးရေးဂိတ်၌ စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ စာရင်းအင်းအချက်အလက်များ ကောက်ခံရေးတွင် ပါဝင်ဆောင်ရွက် နေသည့် ဆရာမဒေါ်ခင်ဥမ္မာမြင့်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကြိုဆိုရေး၊ ပြန်လည် လက်ခံရေးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပို့ဆောင်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်း စနစ်တကျ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကာကွယ်ရေးပစ္စည်းများအား လိုအပ်သည့်နေရာများသို့ စနစ်တကျ ပြန်လည်ဖြန့်ခွဲ ပေးနေမှု၊ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတင်းဖြန့်ဝေပေးမှု လုပ်ငန်းများ စနစ်တကျဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများ၏ စားသောက် နေထိုင်ရေးနှင့် စည်းကမ်းလိုက်နာမှု အခြေအနေ၊ ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စာရင်းအင်းအချက်အလက်များ ကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာမ ဒေါ်ခင်ဥမ္မာမြင့်က ပြည်ပမှ ဝင်ရောက်လာသူများ ပြန်လည်လက်ခံရာ၌ ပါဝင်စာရင်းကောက်ခံပေးခဲ့မှု၊ နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ရေးတွင် စာရင်းအင်းနှင့်အညီ စနစ်တကျဖြစ်စေရေး ဆောင်ရွက်မှုနှင့်  ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မော်တော်ယာဉ်များဖြင့် နွေးနွေးထွေးထွေး သွားရောက် ကြိုဆိုမှု၊ စနစ်တကျ ပြန်လည်လက်ခံမှု၊ နေရပ်အသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်နေမှုနှင့် ယာယီနေထိုင်ရန် နေရာများနှင့် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအား စနစ်တကျ ပြန်လည်လက်ခံမှု၊ နေရပ် အသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်မှုနှင့် စပ်လျဉ်း၍   မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စိန်ခေါ်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ခွာခွာနေသည်နှင့်မျှ စိတ်ပိုင်းဆိုင်ရာနီးစပ်ရန် အင်မတန်အရေး ကြီးပါကြောင်း၊ ယခုအချိန်တွင် အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

အားလုံးက တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ စာနာမှုရှိမှ ယင်းစိန်ခေါ်မှုကို အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် လူသားများ၏ သဘာဝကိုလည်း လျစ်လျူရှုထား၍မရပါကြောင်း၊ တင်းကြပ်သည့် စည်းကမ်းများကို ကြာကြာထိန်းသိမ်းထားရန် မလွယ်ကူပါကြောင်း၊ အခြေအနေ ပိုကောင်းလာသည်နှင့်အမျှ ဖြေလျှော့ပေးရန် စဉ်းစားရပါကြောင်း၊ သိပ်အဆင်မပြေပါက နည်းနည်း နောက်ပြန်ဆုတ်သင့်ပါက နောက်ပြန်ဆုတ်ရမည်ဖြစ်ပါကြောင်း။

ပညာရေးကိုလည်း လျစ်လျူရှုထား၍ မရပါကြောင်း၊ စာသင်ကျောင်းများကို ဇူလိုင်လတွင် အထက်တန်းကစပြီး ဖွင့်ရန် စတင်စီစဉ်နေပါကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် ကျောင်းများ ပြန်လည်ဖွင့်ရန် အဆင်ပြေ၊ မပြေကို တစ်ချိန်လုံး ချင့်ချိန်နေရ ပါကြောင်း။

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တဖြည်းဖြည်း တိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းရောဂါနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ရေးနှင့် ရောဂါပျောက်ကင်းရေးတို့သည် ဆေးပညာနှင့် သက်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဆေးပညာဘက်တွင် ထိပ်တန်း နိုင်ငံမဟုတ်သည့်အတွက် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများက ကာကွယ်ဆေး၊ ကုသဆေးရှာဖွေနေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ မိမိတို့တွင် သိပ္ပံပညာအင်အား၊ ဖွံ့ဖြိုးရေးအင်အား မရှိသော်လည်း  ပြည်သူလူထု၏ စည်းလုံးမှု အင်အားကို အားကိုးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်မည်ဆိုပါက အခြေအနေကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ထိန်းသိမ်းထားနိုင်ပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ကိုဗစ်-၁၉ ကို ရင်ဆိုင်သည့်အခါတွင် ပူးပေါင်းဆောင်ရွက်ရေးသည် အဓိက ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာ တွင် ကရင်ပြည်နယ်မှ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်မှ ပြန်လာသည့် ပြည်သူများနှင့်ပတ်သက်၍ အဓိက တာဝန်ယူရသည်မှာ ကရင်ပြည်နယ် အစိုးရနှင့် ကရင်ပြည်နယ် ပြည်သူလူထုဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်သည့် အတွက် ယခုကဲ့သို့ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကနဦးပိုင်းတွင် စိုးရိမ်ပူပန်မှုများရှိသော်လည်း ပူးပေါင်းဆောင်ရွက်သည့်နေရာတွင် အင်မတန် လေးစားစရာကောင်းပါကြောင်း၊ ကျေးဇူးတင်စရာကောင်းပါကြောင်း၊ ကရင်ပြည်နယ်မှ အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအတိုင်း ဆက်လက်သွားမည်ဆိုပါက ကိုဗစ်-၁၉ စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)