နေပြည်တော် ဇူလိုင် ၁၃
ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား ယာယီဝန်ထမ်းနေအိမ်များတွင် နေရာချထားပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် ဖျော်ဖြေတင်ဆက်ခြင်းကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ယာယီဝန်ထမ်းအိမ်ရာ ရပ်ကွက် (C) ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်သည်။
အခမ်းအနားတွင် မြဝတီရုပ်မြင်သံကြား (နေပြည်တော်) ဖျော်ဖြေရေးအဖွဲ့က တေးသံသာများဖြင့် ဖျော်ဖြေကြပြီး ဝါသနာရှင်ဝန်ထမ်းမိသားစုဝင်များက သီချင်းများ၊ အကအခုန်များဖြင့် ပါဝင်ဖျော်ဖြေသည်။
အခမ်းအနားအပြီးတွင် မြဝတီရုပ်မြင်သံကြားဖျော်ဖြေရေးအဖွဲ့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၀ ကို အဖွဲ့ဥက္ကဋ္ဌက ပေးအပ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် မန္တလေးငလျင်ကြီး ကြောင့် အိမ်ရာများပျက်စီးခဲ့သော ဝန်ထမ်းမိသားစုဝင် ၉၀ အား ငလျင်လှုပ်ခတ်ပြီးချိန်တွင် ရုံးအတွင်း ယာဉ်ရပ်နားစခန်းတွင် အရေးပေါ်နေရာချထားခဲ့ရာမှ ယခုအခါ ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုအားလုံးကို ဘာရှာတဲ ၂၀၊ Container ၇၀ တို့တွင် ယာယီနေထိုင်ရန် အပြီးသတ်နေရာချထားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်