Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုသင်တန်းကျောင်း အရည်အသွေးထိန်းသိမ်းရေးသုတေသနဌာန သုံးခုနှင့် ဆွာချောင်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ (MNBC- 2025)ကို အသုံးချနိုင်ရေး သင်ကြားမျှဝေပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ထားရှိပြီးဖြစ်သော်လည်း တိုးတက်မြင့်မားလာသော နည်းပညာသတင်းအချက်အလက်များကို မျက်ခြည်မပြတ်စေဘဲ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် လေ့လာနိုင်ရန် E-Library အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုသင်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စာကြည့် တိုက်အတွင်း Library Management System နှင့် e-Book Management System များ အသုံးပြု၍ စာအုပ်စာတမ်းများ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းထားသိုခြင်းနှင့် ငှားရမ်းမှုဆိုင်ရာစီမံခန့်ခွဲခြင်း၊ e-Book များအား လွယ်ကူစွာဖက်ရှုနိုင်ရန် စီမံထားရှိမှု၊ သင်တန်းသား သင်တန်းသူများ၏ နေထိုင်စားသောက်ရေးအတွက် ဆောင်ရွက်ထားသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ယင်းနောက် လမ်းဦးစီးဌာန၏ အရည်အသွေး ထိန်းသိမ်းရေး သုတေသနဌာနခွဲသို့ သွားရောက်၍ လမ်းဒီဇိုင်းပုံစံများ တွက်ချက်ရေးဆွဲနိုင်ရန် မြေသားဓာတ်ခွဲစမ်းသပ်ခြင်းနှင့် လမ်းတည်ဆောက်ရာတွင် အသုံးပြုသည့် ကတ္တရာအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ လက်တွေ့ပြုလုပ်ခြင်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ တံတားဦးစီးဌာန၏ အရည်အသွေး ထိန်းသိမ်းရေးသုတေသနဌာနခွဲသို့ သွားရောက်၍ တံတားတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဓာတ်ခွဲစမ်းသပ်နေမှုအခြေအနေ၊ ဘိုးပိုင်များ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုစစ်ဆေးသည့် ကိရိယာများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုလည်းကောင်း၊ အဆောက်အဦဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သံချောင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲနှင့် ကျောက်များ အရည်အသွေးစစ်ဆေးစမ်းသပ်သည့် အခြေအနေများကိုလည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-နေပြည်တော်လမ်းတစ်လျှောက် ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေသည့် အခြေအနေများကို စစ်ဆေး၍ မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ ဆွာချောင်း တံတားသို့ရောက်ရှိရာ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တံတားတစ်စင်းအား ပြန်လည်တည်ဆောက်နေသည့် အခြေအနေ၊ ကျန်ရှိသည့် တံတားတစ်စင်းမှ ယာဉ်များလတ်တလော သွားလာနိုင်ရန်အတွက် နှစ်လွှာတစ်ထပ်ဘေလီတံတားထိုး၍ မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆွာချောင်းတံတားသည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်၍ အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်းဖြင့် စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်