တောင်ငူပညာရေးကောလိပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၀
တောင်ငူပညာရေးကောလိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့၌ ကျင်းပရာ ကောလိပ်မုခ်ဦး ကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တတဲရှီ ဟီဂူချီနှင့် တောင်ငူ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းငြိမ်း တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အခမ်းအနားတက်ရောက် လာကြ သူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တောင်ငူပညာရေးကောလိပ် ဆိုင်းဘုတ်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေက စက်ခလုတ် နှိပ်ဖွင့်လှစ်ပေပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေး သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက လက်ရှိအစိုးရ၏ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင် မူလတန်း အရွယ်ကလေးတိုင်း မူလတန်းပညာကို ပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်း ပညာသင်ယူရန် အခက်အခဲရှိသည့် ကာယ၊ ဥာဏ စွမ်းရည်အား နည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင် ဖျားဒေသရှိ ကလေးများ စသည့် ကလေးများအတွက် အလေးထား ဆောင်ရွက်သည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ခြင်း၊ သင့်လျော်သော ဆရာနှင့် ကျောင်း သား အချိုး ရရှိရန် ဆောင်ရွက် ပေးခြင်း၊ ကျောင်းအသီးသီးရှိ ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားရေး စွမ်းရည်များ မြင့်မားလာစေ ရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ် ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေး ဝန်ဆောင်မှု ဖြစ်စေ ရန် ဆောင်ရွက်ပေးခြင်း စသည့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ ဦးစားပေးလုပ်ငန်းများ ကို ဆောင်ရွက်လျက် ရှိပါ ကြောင်း။
နိုင်ငံတော်အနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည် အသွေး မြင့်မားရေး ဆိုင်ရာ လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် ဆရာ အတတ်ပညာ ပြည့်မီမြင့်မားရေးနှင့် သင်ကြားရေး စွမ်း ရည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အတွင်း တည်ရှိနေသည့် တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်ပြီး ဘက်စုံအတွေးအခေါ် မှန်ကန်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်သော လူ့စွမ်း အား အရင်းအမြစ် များ ပြုစုပျိုးထောင်ရေးနှင့် ခေတ်စနစ်၏ လိုအပ်ချက်များနှင့် အညီ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် အမျိုးသားပညာရေး စနစ်ကိုလည်း အကောင်အထည် ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး၏ ရည်မှန်းချက် များဖြစ်သည့် တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ် ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့ သားကောင်း များ ဖြစ်ထွန်းရေး ကို လေ့ကျင့်ပေးရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေး ဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကိုလေးစား လိုက်နာသော နိုင်ငံသား များ ဖြစ်လာစေ ရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေး ရန်၊ ပြည်ထောင်စု စိတ်ဓာတ် ဖွံ့ဖြိုးပြီး တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်နှင့် သဘာ၀ ပတ်ဝန်း ကျင် တို့ကို တန်ဖိုးထား၍ ထိန်း သိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့် ကမ်းနိုင် သည့် နိုင်ငံသား များ ဖြစ်လာစေရန် အစရှိသည့် အမျိုးသားပညာရေး ရည်မှန်းချက်များ ကို ပေါက် မြောက် အောင်မြင်အောင်လည်း မိဘပြည်သူ၊ ဆရာဆရာမ များ၊ ကျေးရွာ အဆင့်၊ မြို့နယ်အဆင့် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အလေးထား ပြောကြား လိုပါကြောင်း။
မသင်မနေရ မူလတန်းပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက် ရာတွင် လည်း မူလတန်းဆရာအင်အား ပြည့်စုံရေး၊ ဆရာအရည် အသွေး ပြည့်၀ရေး သည် အရေးကြီးသည့် အလျောက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်တန်းများဖြစ်ကြသည့် DTEd (Diploma in Teacher Education)နှင့် PPTT (Pre - service Primary Teacher Training) သင်တန်း များကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့် သင်တန်းပေး လျက်ရှိပါကြောင်း။
ပညာရေးကဏ္ဍ ခေတ်မီဆန်းသစ်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေး အခြေခံ အဆောက်အဦများ ပြည့်စုံရေးသည် အရေးကြီးသော အနေအထား၌ ပါဝင်နေပါကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်မှ နှစ်စဉ်တိုးမြှင့် သုံးစွဲနေသကဲ့သို့ နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို အကျိုးရှိရှိနှင့် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် အထူးအရေးကြီးပါကြောင်း၊ ယခု လို ကျောင်း ဆောင်သစ်များ အဆင့်မီမီ ပေါ်ထွန်းလာသည့်အတွက် ဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားများပါ အဆင်ပြေပြေ သင်ကြားနိုင် မည်ဖြစ်ပါကြောင်း၊ ခေတ်မီပညာရေးစနစ် ဖြစ်ပေါ်လာရန် ခေတ်မီပညာရေး အခြေခံများလည်း လိုအပ်ပါကြောင်း၊
အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းကူညီ ပေးသည့်အတွက် နိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နောက် ထပ်လည်း ထောက်ပံ့ကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်လည်း မျှော်လင့်ထားပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ တတဲရှီၤ ဟီဂူချီ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တို့က အမှာစကားပြောကြားကြပြီး ဒေသခံမြို့မိမြို့ဖ ဦးမြင့်ညိုနှင့် တောင်ငူပညာရေး ကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းငြိမ်း တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တို့ထံ ကျောင်း အုပ်ကြီး ဒေါ်ငြိမ်းငြိမ်းက တောင်ငူပညာရေးကောလိပ် အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များကို ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် တောင်ငူ ပညာရေး ကောလိပ် အတွင်းရှိ စာကြည့်တိုက်၊ အုပ်ချုပ်မှုခန်း၊ ဆေးပေးခန်း၊ အနားယူအပန်းဖြေနေရာ၊ အိမ်တွင်းမှုသိပ္ပံ လက်တွေ့ခန်း၊ စာသင်ခန်းများ၊ အနုပညာခန်း၊ ကွန်ပျူတာလေ့ကျင့်ခန်းနှင့် သင်တန်းသား အိပ်ဆောင်များ တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုကြပြီး သင်တန်းသား၊ သင်တန်းသူ များကို ခင်မင်ရင်းနှီၤးစွာ နှုတ်ဆက်ကြသည်။
တောင်ငူပညာရေးကောလိပ်ကို ၁၉၆၇ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း၊ ၁၉၉၃ ခုနှစ် တွင် ဆရာအတတ်သင် သိပ္ပံ၊ ၁၉၉၈ ခုနှစ်တွင် ပညာရေးကောလိပ် အဖြစ် အဆင့်ဆင့်ပြောင်းလဲ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ပညာရေးကောလိပ်များကို မြန်မာ့လူ့ဘောင်နှင့် လိုက်လျော ညီထွေ ပြုမှုပြော ဆို နေထိုင် တတ်ပြီး ဆရာဟူသော ဂုဏ်သိက္ခာ နှင့် ပြည့်စုံသည့် ဆရာမွန်များ ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်၊ မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင် နိုင်ရန် ဘက်စုံပညာရေး လုပ်ငန်းများတွင် ကိုယ်တိုင် ဦးဆောင်နိုင်ပြီး အစဉ်လေ့ လာသင်ယူနေ သော ပညာရေးအဖွဲ့အစည်း အဖြစ် ပြုစုပျိုးထောင် လေ့ကျင့်ပေး ရန်နှင့် ပညာရေးကာလတွင် တာဝန်ယူနေကြရသော ဆရာဆရာမများ၏ ပညာဗဟုသုတ တိုးပွားရင့် သန်ရေးအတွက် လည်း ကောင်း၊ သင်နည်းများ ပိုမိုကောင်းမွန်ရေးအတွက် လည်းကောင်း၊ လုပ်ငန်းရပ်များ ကျွမ်းကျင် စွာ ဆောင်ရွက်နိုင်မှု အတွက်လည်းကောင်း ကြံဆတီထွင်စမ်းသပ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)