နေပြည်တော် ဇူလိုင် ၁၅
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ပြီး တိုင်းပြည်ချစ်စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့်တွေ့ဆုံ စဉ် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်ရန် ဆရာ ဆရာမများက အင်တိုက်အားတိုက် စေတနာအပြည့်အဝထား၍ သင်ကြားပေးကြစေလိုကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိတို့တာဝန်ယူသင်ကြားနေသော ဘာသာ ရပ်များကို ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားနိုင်မှသာလျှင် တာဝန်ကျေပွန်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အားကစားလှုပ်ရှားမှုများ စနစ်တကျကျင်းပဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်များတွင် အထူးပြုဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် project များကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များရှိ သိပ္ပံဌာနများတွင် လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ် ချက်များအတိုင်း စနစ်တကျအကျိုးရှိထိရောက်စွာ အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် Green Card ရှိသော ဆရာ ဆရာမများကိုသာ ခန့်ထားခြင်းနှင့် ဥပဒေတွင် ပါရှိသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ စက်တင်ဘာလအတွင်း တက္ကသိုလ်များစာမေးပွဲ ဖြေဆိုရာတွင် အမှားအယွင်းမရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် သင်ကြားသင်ယူမှုနည်းစနစ်များကို အသုံးပြုသင်ကြားစေလိုကြောင်း၊ ဒေသတွင်း အကျိုးစီးပွားကို အထောက်အကူပြုသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတော်အလံ အလေးပြုခြင်းကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုစဉ်အတွင်း ပိတ်ထားသည့်ကျောင်းများ အစားထိုးဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်