Skip to main content

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ဇူလိုင် ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့၏သားသမီးများသည် နိုင်ငံ၏အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံတော်၏ အနာဂတ်ဖြစ်သောကြောင့် ပညာတတ်လူငယ်များဖြစ်လာစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်းများမရှိစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုတွင် အရေအတွက်သာမကဘဲ အရည်အချင်းပါ တိုးတက်လာစေရေးနှင့် မိဘများထက်သားသမီးများက ပိုမိုတော်သည့် လူတော်များဖြစ်လာစေရေး မိဘများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်တို့က ပေးအပ်ချီးမြှင့်ရာ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ကျောင်းသား ကျောင်းသူ ၁၈၄၉ ဦးအတွက် ပညာသင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်