ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပြန်လည် သက်သာပျောက်ကင်းသူများ၏ အတွေ့အကြုံနှင့် ခံစားချက်များကို မေးမြန်းဖော်ပြ လိုက်ပါသည်။
ဦးသောင်းမြင့်
ဒေါ်မြင့်ဝင်း ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက်
အမှန်တကယ်တော့ စဖြစ်ကတည်းက ဆေးရုံသွားရင် ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။ ဆေးရုံသွားလို့ အာခေါင်နဲ့နှာခေါင်းတို့ဖတ် ခံယူရင် တအားနာကျင်တာလို့ တချို့သူတွေရဲ့ ပြောဆိုသံတွေ ကြားပြီးတော့ ကျွန်မလည်းကြောက်စိတ်တွေဝင်ပြီး အိမ်မှာပေကပ် နေတာ။ တကယ်တမ်း ကျတော့မနာပါဘူး။ မကြောက်ရပါဘူး။ နှာချေချင်သလို၊ နှာမွှန်သလိုခံစားရမှုအနည်းငယ် ကလွဲလို့ဘာမှမခံစားရဘူး။ ရောဂါဝင်သွားတော့ ခံစားရတာပေါ့။ စဖြစ်တာကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်က စဖျားတော့တာပဲ။ အဲဒါနဲ့ ဘိုင်အိုဂျက်စစ်ပဲ သောက်ပြီးနေနေတာ။ အစားအသောက်တွေလည်း မကောင်းတော့ဘူး။ ၅ ရက်မြောက်မှာ ချောင်းဆိုးပြီး မောလာတော့ တာပဲ။ စကား ပြောလည်းမော၊ လှုပ်ရင်လည်းမော။ ဒါနဲ့ အိမ်မှာ သုံးရက်လောက် နေလိုက်သေးတယ်။ နောက်တော့ ပိုပြီးမောလာတာတွေဖြစ်တာနဲ့ ရှစ်ရက်မြောက် ၂၁ ရက်နေ့မှာ ပိန်းဇလုပ်တိုက်နယ်ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံရောက်တာနဲ့ အောက်ဆီဂျင် တိုင်းလိုက်တော့ ၈၂ ပဲ ရှိပါတော့တယ်။ ဒါနဲ့ချက်ချင်း အောက်ဆီဂျင် ရှူခိုင်းထားပြီးပိုးစစ်တဲ့အခါမှာ Positive တွေ့ပါတယ်။ ဆေးရုံမှာ ပိုးသတ်ဆေးနဲ့ လိုအပ်တဲ့ အခြားထိုးဆေးတွေကို နေ့စဉ်နံနက်တိုင်း ပုံမှန်ထိုးနှံပေးပါတယ်။ ကျွန်မက သွေးတိုးရောဂါ အခံရှိတော့ အဲဒီရက်ထဲသွေးတိုးစေမယ့် အစားအသောက်တွေလည်း သတိထား ရှောင်စားခဲ့ပါ တယ်။ ဆေးရုံတက်ပြီး လေးရက်မြောက်လောက်မှာ အောက်ဆီဂျင် ၉၂၊ ၉၃ အထိ ဖြစ်လာတယ်။ ဒါလည်း ကိုယ့်ဘာသာ ကြိုးစားယူမှရမယ်ဆိုပြီး ခုတင်ပေါ်မှာ မှောက်အိပ်ပြီး အသက်ရှူ တာကိုအကြိမ်များများ ပြုလုပ်ခဲ့ပါတယ်။ ငါးရက်လောက်လည်းကျရော အောက်ဆီဂျင်တိုင်းလိုက်တော့ ၉၆၊ ၉၇ အထိ ပြန်တက်လာပါတယ်။ ဒါနဲ့သက်သာလာတာ ကြောင့် ခြောက်ရက်မြောက် ပြီးခဲ့တဲ့သြဂုတ် ၂၆ ရက်မှာ ဆေးရုံဆင်းရပါတယ်။ အဓိကတော့ ပြည်သူတစ်ယောက် အနေနဲ့ ပြည်သူတွေကို အသိပေးချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ် စောင့်ရှောက်ကြပါ။ ကျန်းမာရေးအတွက် လမ်းညွှန်ထားတဲ့အချက်တွေကိုလည်း လိုက်နာကြ ပါလို့ သတိပေးစကားဆိုချင်ပါတယ်။ ကာကွယ်ဆေးထိုးလို့ရမယ့်အချိန်ကျရင်တော့ ထိုးနှံမှာ ဖြစ်ပါတယ်။
ဦးသောင်းမြင့်(ခ)ဦးခွေးညို ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက်
ကျွန်တော် အသက် ၇၄ နှစ်ရှိပါပြီ။ အိမ်မှာအတူနေ မိသားစုဝင် ငါးဦး ရှိပါတယ်။ စဖြစ်တာ ကတော့ အသက် ၂၅ နှစ်အရွယ် ကျွန်တော်ရဲ့ မြေးလေးစဖြစ်တာပါ။ ကျွန်တော်အပါအဝင် မိသားစုလေးဦးကတော့ ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်နေ့မှာပဲ မြို့မ (၂) ရပ်ကွက် ရွှေပေါက်ကံအပိုင်း အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကွာရန်တင်းစင်တာမှာ စောင့်ကြည့်တဲ့အနေနဲ့ နေထိုင် ခဲ့ရပါတယ်။ အဲဒီမှာနေထိုင်တဲ့အခါ မှာလည်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာနဲ့ အနံ့ပျောက်တာတို့ ခံစားရတာလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ မိသားစုလေးဦးကို စစ်တဲ့အခါမှာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မြေး ရှစ်နှစ်အရွယ်ကလေး မှာ Positive တွေ့ပါတယ်။ ကျွန်တော့်ရဲ့ မြေးကိုတော့ အထက်တန်းကျောင်း ကုသရေးစင်တာမှာထားပြီး ကျွန်တော့်ကိုတော့ အသက်ကြီးလို့ဆိုပြီး အရေးတကြီးလိုအပ်ရင် အောက်ဆီဂျင်ပေးနိုင်အောင် ဆေးရုံမှာထားပါတယ်။ ဆေးရုံတက်နေတဲ့ ၁၀ ရက်အတွင်းမှာလည်း အိပ်ရေးဝအောင်အိပ်တယ်။ လေကောင်းလေသန့်ရတဲ့နေရာတွေမှာ နေထိုင်တယ်။ နေ့စဉ်အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ တွေကို စားတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလုပ်ပါတယ်။ ကူးစက်ခံ ရပြီ ဆိုရင် စိုးရိမ်စိတ်တွေကို လျှော့ပါ။ အဲဒီလိုစိုးရိမ်စိတ်ကို လျှော့ထားခြင်း ကလည်း ရောဂါကို တွန်းလှန်ရာမှာ အဓိကကျပါတယ်။ ရောဂါကူးစက် ခံရပြီဆိုပြီး စိတ်ဓာတ်ကျနေလို့ လုံးဝမဖြစ်ပါဘူး။ ဒါနဲ့ ဆေးရုံမှာ ၁၀ ရက်ကြာ ဆေးကုသမှုခံယူပြီး ဆေးရုံကဆင်းရပါတယ်။ ကံကောင်းတယ်လို့ ပြောရမယ်။ ပိုးတွေ့တဲ့ ကျွန်တော်တို့ မိသားစု သုံးဦးစလုံး လူကောင်း အတိုင်း ပြန်ဖြစ်လာတာပါပဲ။ တကယ်တော့ ကိုဗစ်ရောဂါဟာ အနေအစားမှန်၊ ကိုယ်ခံအား မြင့်နေမယ်ဆိုရင် ကောင်းကောင်း ကျော်ဖြတ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးလို့ရမယ့် အချိန်ကျ ရင် ကျွန်တော်လည်း ထိုးနှံမှာပါ။ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော့်အမြင် ပြောရရင်တစ်ကမ္ဘာလုံးကပြည်သူတွေ ကာကွယ်ဆေးထိုးနေကြတဲ့ ဒီအချိန် ဒီကာလမျိုးမှာ ပြည်သူတွေအနေနဲ့ အသက်အရွယ်မရွေး ထိုးနှံခွင့်ရရှိရင် သွားရောက်ထိုးနှံ ပေးကြပါလို့ ပြောချင်ပါတယ်။ ။
တွေ့ဆုံမေးမြန်း- ပိန်းဇလုပ် သိန်းညွန့်
ဓာတ်ပုံ- ရန်အောင်ထွန်း(ပိန်းဇလုပ်)