Skip to main content

မင်းဘူး(စကု)မြို့နယ်၌ အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်မှဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိ

မင်းဘူးဩဂုတ်၂၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)အောက်ရှိ အိုင်းမရေလွှဲဆည်နှင့်ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေတို့ဖြင့် ဒေသခံတောင်သူများ၏ မိုးစပါးဧကပေါင်း ၃၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရေများဖြန့်ဝေပေးလျက်ရှိရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အိုင်းမရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၂၉၆၂၅ ဧကနှင့် မဲဇလီရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၄၄၀၁ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ဒေသခံတောင်သူများအတွက်စိုက်ပျိုးရေများကိုဇွန်၁၅ရက်မှစတင်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အဆိုပါဆည်ရေသောက်ဧရိယာများတွင် ဒေသခံတောင်သူများက ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုး၊ GW-11၊ ဆာဖိုးသာနှင့်YSR-1 စသည့် စပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် လျာထားဧက ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်စေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့် အတူပူးပေါင်းကာနယ်မြေကွင်းဆင်းပြီး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးမျိုးဇင်သက်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်ဧရိယာနှစ်ခုအတွင်း ယခုနှစ်မိုးစပါးကို ဧကပေါင်း ၃၄၀၂၆ ဧကအထိ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အိုင်းမရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၂၂၈၀၃ ဧကနှင့် မဲဇလီရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၃၀၄၇ ဧက စုစုပေါင်း မိုးစပါး ၃၂၀၃၇ ဧက စိုက်ပျိုးပြီးဖြစ်ကာ အဆိုပါစပါးစိုက်တောင်သူများအတွက် မိုးစပါးစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများလုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)