Skip to main content

ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs)အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်က ဥက္ကဋ္ဌ ဦး၊ အဖွဲ့ဝင် ဦးပါဝင်သော ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး ၎င်းသည် ဗဟိုအာဏာပိုင်အဖွဲ့အစည်း လေးရပ်တွင် တစ်ရပ်ဖြစ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရှေ့နေချုပ်ရုံးဟု ပြောင်းလဲ ခေါ်ဝေါ်လျက် တရားရုံးချုပ်နှင့် အဆင့်တူအနေအထားတွင် ရပ်တည်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဏ္ဍိုင်သုံးရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်သည့် လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် ဖော်ဆောင်ရန် တရားရုံးချုပ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟု ပြောင်းလဲခေါ်ဝေါ်၍ သီးသန့်လွတ်လပ်စွာ ရပ်တည်ခဲ့ပါသည်။ သို့သော် တရားရုံးချုပ်နှင့် တန်းတူရပ်တည်ပြီး တရားစီရင်ရေးမဏ္ဍိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား အပြန်အလှန် ထိန်းကျောင်းမှုပြုနေသော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာမူ အဖွဲ့အစည်းပုံစံ (Organization Structure) အားဖြင့် (Office) အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဆက်လက် ရပ်တည်ခဲ့ပါသည်။ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို လက်ရှိပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ရုံး(Office)အသွင်ဖြင့်သာ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား အပြန်အလှန်ထိန်းကျောင်းခြင်းပြုရာတွင် လွန်စွာကွာဟလျက်ရှိသဖြင့် အမည်ပြောင်းလဲ ရခြင်းဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် လက်ရှိတွင် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းသာမက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဥပဒေမူကြမ်းများ စိစစ်အကြံပြုခြင်း၊ စီးပွားရေးစာချုပ်များနှင့် နိုင်ငံတကာစာချုပ်များကို စိစစ်၍ ဥပဒေအကြံပြု ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၈၉/၂၀၂၁)တို့အရ ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းမှုကော်မတီသည် အစိုးရကိုယ်စား တရားမျှတမှုရရှိရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ၊ Stakholders များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင်လည်း အာဆီယံနိုင်ငံများ၏ ဥပဒေဝန်ကြီးများအစည်းအဝေး ASEAN Law Minister Meeting - ALAWMM တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီး  (Minister of Law) အဖြစ်လည်းကောင်း၊ အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး ASEAN Senior Law Official Meeting - ASLOM တို့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့က မြန်မာနိုင်ငံကိုယ်စားပြု၍လည်းကောင်း တက်ရောက်လျက်ရှိပါသည်။

အမည်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း အရာထမ်း၊ အမှုထမ်းအင်အား၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်၊ ဘတ်ဂျတ်ကိစ္စများမှာ ယခင်အတိုင်းမပြောင်းလဲပဲ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲ သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်လည်တည့်မတ် လျက် ပိုမိုပေါ်လွင်စေခြင်း၊ ရုံး၏အဆင့်မှာလည်း ဝန်ကြီးဌာနဖြစ်၍ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တရားစီရင်ရေးကဏ္ဍအား အပြန်အလှန် ထိန်းကျောင်းရေးကိစ္စများတွင် ပို၍ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေး (Rule of Law)နှင့် တရားမျှတမှုရှိစေရေး၏ပုံရိပ်ကို ပိုမိုပေါ်လွင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ပါသည်။