နေပြည်တော် ဩဂုတ် ၂၄
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာအရာတွင် ထူးချွန်ထက်မြက်သူ၊ အများထက်သာလွန်သည့် ဉာဏ်ပညာရှိသူ၊ ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် ရည်မှန်းချက်ထားပြီး တစိုက်မတ်မတ် ကြိုးစားအားထုတ်အောင်မြင်ကြသူများကို အသိအမှတ်ပြုပြီး ဂုဏ်ပြုဆုအပ်နှင်းချီးမြှင့်သည့် အခမ်းအနားပင်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်မှုများရရှိခြင်းသည် လွယ်လွယ်ကူကူနှင့် ရခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ်ကတည်းက ပညာကို ကြိုးစားသင်ယူလိုစိတ်များ စိမ့်ဝင်စွဲမြဲခဲ့ပြီး ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်ပန်းတိုင်ကို မရရအောင် သန္နိဋ္ဌာန်ချ အရောက်လှမ်းရယူနိုင်ခဲ့၍ သာရရှိခြင်းဖြစ်ကြောင်း၊ ထိုသို့ထူးခြားသည့် ဝိသေသရှိသူများကို ဂုဏ်ပြုချီးမြှောက်ခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ မင်္ဂလာတစ်ပါးလည်းဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် “လူငယ်တွေရဲ့အား” နှင့် တည်ဆောက်မှ ရနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များသည် အသိဉာဏ်ပညာပြည့်ဝသည့် ပညာတတ်များဖြစ်ရန်လိုအပ်သလို နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များကို အစဉ်ချီးမြှောက်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အဆင့် ဆုချီးမြှင့်ခြင်းကို အစဉ်အလာကောင်းတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
“ပညာ” ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း အသိဉာဏ်ပညာ ပြည့်စုံကြမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ်တိုးတက်ခိုင်မာစေရန် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ" ကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပုံဖော်ပေးနေသကဲ့သို့ ပညာရေးဝန်ထမ်းများကလည်း နိုင်ငံသားတိုင်းပညာအလင်းရရှိစေရန်၊ ပညာရည်မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကိုသယ်ပိုးနေသည့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်ကြောင်း၊ တစ်နည်းဆိုပါက ပညာရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို “အမျိုးသားရေးတာဝန်တစ်ရပ်” အနေဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ ဦးလည်မသုန် ထမ်းဆောင်နေကြခြင်းဖြစ်၍ ပညာရေးဝန်ထမ်းများကိုလည်း အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း။
ပညာရေးသည် တစ်ဦးတစ်ယောက်ချင်းအတွက် အရေးကြီးရုံသာမက လူ့ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက ရွေးချယ်မှုနှင့် ဒီမိုကရေစီသဘောတရားများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ပညာတတ်မြောက်မှုမြင့်မားရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်ရှိကြရန်လိုကြောင်း၊ ထို့ကြောင့် လူငယ်များအတွက် အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းကို အသိပေးပြောကြားလိုကြောင်း။
ယခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့်ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အခက်အခဲများ၊ အဟန့်အတားများကို တုံ့ဆိုင်းမှုမရှိကျော်လွှားနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၊ ကျောင်းများကို အခက်အခဲများကြားမှ အတတ်နိုင်ဆုံး မရပ်မနားပုံမှန်ဖြစ်အောင်ဖွင့်လှစ်ပြီး အန္တရာယ်များကြားက စိတ်ကောင်းစေတနာများဖြင့် သင်ကြားရေးအဆက်မပြတ်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်းများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများသည် ပညာရေးသမိုင်းတွင် မှတ်တမ်းကောင်းတစ်ခုအဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း။
ထိုသို့အခက်အခဲများကြားက ရုန်းထပြီး စစ်မှန်သည့် အရည်အသွေးနှင့် အရည်အချင်းကို ထုတ်ဖော်ပြနိုင်ခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် (၁၉၆) ဦးအထိ ပေါ်ထွက်လာခဲ့ကြောင်း။
ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင်များကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြား၊ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူ (၃၃)ဦးကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုတန်ဖိုးပမာဏထက် ဆုရရှိသူများ၏ ကြိုးစားမှု၊ အောင်မြင်မှုဂုဏ်ဒြပ်နှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုချီးမြှောက်လိုသည့် ဆန္ဒက အဆမတန်သာလွန်နေသည်ဆိုသည်ကို ပြောကြားလိုကြောင်း၊ ထို့အပြင် ယမန်နှစ်ကကဲ့သို့ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်ပလေ့လာရေးခရီးစဉ်များ စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
ထူးချွန်မောင်မယ်များအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် အလေ့အကျင့်ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့ကြသလို အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူရာတွင်လည်း မိမိတို့ဝါသနာပါသည့်၊ စိတ်ဝင်စားသည့် ပညာရပ်များကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုကြောင်း၊ အဆင့်မြင့်ပညာသင်ယူသည့်အခါတွင် သိပ္ပံဘာသာရပ်များကို လေ့လာသင်ယူမည်ဆိုပါက နိုင်ငံ၏စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ဝိဇ္ဇာဘာသာရပ်များကို လေ့လာသင်ယူခြင်းအားဖြင့်လည်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်(၂)ခုစလုံးကို တန်ဖိုးထားလေ့လာကြရန် မှာကြားလိုကြောင်း။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံ့အခင်းအကျင်းသာမက ကမ္ဘာ့အခင်းအကျင်းကိုပါ မျက်ခြည်မပြတ်လေ့လာနေရန်၊ မှန်ကန်သည့်အတွေးအမြင်များ ရှိရန်လိုအပ်ကြောင်း၊ သုတေသနအခြေပြုလေ့လာမှုများကတစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးလာစေရေး ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိနိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပြီး နောက်ကျမကျန်ရစ်မှာဖြစ်ကြောင်း။
ယနေ့ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူမှုကွန်ရက်နှင့် မီဒီယာများ အသုံးပြုမှုများပြားလာကြောင်း၊ ထိုအထဲတွင် ကျင့်ဝတ်မဲ့ သတင်းတု သတင်းမှားများနှင့် လုပ်ကြံသတင်းများက လွဲမှားသည့် အတွေးအခေါ်၊ အယူအဆများ စိမ့်ဝင်လာနိုင်သည်ကို အသိ၊ သတိ၊ ဉာဏ်ပညာဖြင့် ဆင်ခြင်နေထိုင်ကြရန်လိုကြောင်း၊ လူငယ်များအနေဖြင့် ခေတ်ရေစီးကြောင်းအလိုက် ကောင်းမွန်သည့် တိုးတက်မှုနည်းလမ်းများကို ရှာဖွေရမည်ဖြစ်သကဲ့သို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြပါဟု မှာကြားလိုကြောင်း။
လူငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို ဉာဏ်ပညာနှင့် ဆန်းစစ်၊ သုံးသပ်၊ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသင်ခန်းစာများ၊ ဘဝအတွေ့အကြုံများကနေ သင်ယူနိုင်သည့်အပြင် စာအုပ်စာပေဖတ်ရှုခြင်းက တစ်ဆင့်လည်း လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းများတွင် စာကြည့်တိုက်များ သက်ဝင်လှုပ်ရှားရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ လူငယ်များအနေဖြင့်လည်း အကျိုးရှိသည့် စာအုပ်စာပေများကို များများဖတ်ရှုကြရန် အလေးအနက်ထားပြီး မှာကြားလိုကြောင်း၊ ကျောင်းစာကြည့်တိုက်များတွင် အသက်အရွယ်နှင့် ပညာအဆင့်အလိုက် လေ့လာသင့်ပြီး အကျိုးရှိသည့် စာအုပ်စာစောင်များရှိအောင် ဖြည့်ဆည်းပေးရန်ကိုလည်း တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ထူးချွန်မောင်မယ်များအနေဖြင့် မိမိအကျိုး၊ အများအကျိုးနှင့် နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့်သူဖြစ်ရန် ပထမဦးစွာ မိမိကိုယ်မိမိ ကောင်းမွန်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သည့် လူတော်၊ လူကောင်း၊ လူလိမ္မာများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်၊ မိမိတို့ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမနှင့် တစ်ပါးသူအပေါ် ကိုယ်ချင်းစာတရား၊ သည်းခံခွင့်လွှတ်ခြင်းဆိုသည့် အခြေခံစိတ်ဓာတ်ကောင်းကို မွေးမြူကြရန်၊ အတ္တနှင့်ပရ အကျိုးနှစ်ဝကို မျှမျှတတလက်ခံကျင့်သုံးကာ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်ပြီး ဂုဏ်ကျက်သရေတင့်တယ်သည့် နိုင်ငံ့သားကောင်းများအဖြစ်မှသည် ကမ္ဘာ့သားကောင်းများဖြစ်အောင် ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။
ထို့အပြင် ယနေ့အချိန်တွင် လူငယ်များ၏အနာဂတ်ကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကို အထူးရှောင်ကြဉ်ကြရန်မှာကြားလိုကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လူတိုင်းအတွက်အရေးကြီးကြောင်း၊ ကျန်းမာသန်စွမ်းပြီး ပညာကို ဘဝတစ်လျှောက်သင်ယူနိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားကြရန် လိုကြောင်း၊ ထို့ကြောင့် “ဗလငါးတန်”နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားပြီး ကျင့်ကြံနေထိုင်ကြရန် မှာကြားလိုကြောင်း။
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့် ဆောင်ပုဒ်အတိုင်း KG+12 ပြီးမြောက်အောင်မြင်ခဲ့ကြသူများဖြစ်၍ ၁၂ နှစ်တာကာလ စည်းကမ်းစနစ်တကျနှင့် လေ့လာနေထိုင်ကြိုးစားအားထုတ်သည့် အလေ့အကျင့်ကောင်းများ ရကြသူများဖြစ်ကြပြီး အဆိုပါအလေ့အကျင့်သည် မိမိဘဝတိုးတက်မှုကို များစွာအထောက်အကူပြုစေမှာ ဖြစ်ကြောင်း။
လူရယ်လို့ဖြစ်လာပါက စည်းကမ်းရှိရန်၊ ဥပဒေများကို လေးစားလိုက်နာတတ်ရန်လိုကြောင်း၊ စည်းကမ်းရှိမှသာ ဥပဒေကို လေးစားလိုက်နာမှာ ဖြစ်ကြောင်း၊ စည်းကမ်းမရှိက ဥပဒေကို ဖောက်ဖျက်မိမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာမှသာ ဘေးအန္တရာယ်ကင်းပြီး တန်ဖိုးရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အကြောင်းအရာများကို ငယ်စဉ်ကတည်းက သိရှိစွဲမြဲနိုင်အောင် အခြေခံပညာကျောင်းများတွင် အလေးထားသင်ကြားပေးစေလိုကြောင်း။
ကျောင်းသားလူငယ်များသည် မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ သမိုင်းကြောင်းများကို လေးစားတန်ဖိုးထားတတ်ရန် လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အလံအလေးပြုခြင်း၏ အဓိပ္ပာယ်နှင့် နိုင်ငံတော်သီချင်း၏ အနှစ်သာရကို ကောင်းစွာသိရှိပြီး စနစ်တကျသီဆိုတတ်အောင် လေ့ကျင့်သင်ကြားပေးခြင်း အပါအဝင် လူငယ်များ၏စိတ်ကိုပါ ပြုပြင်ပေးကြရန်လိုကြောင်း။
လူငယ်များအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းကြရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် တတ်အားသရွေ့ပါဝင်ကြရန်မှာကြားလိုကြောင်း။
နိုင်ငံတော်နှင့်ပြည်သူများအတွက် မကြာမီတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်သူများမျှော်လင့်နေသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်မည်ဆိုပါက ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အနေဖြင့်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ(၂၈)ရက်ကစပြီး ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးပါက ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံ့တာဝန်လွှဲပေးသွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရန်၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်ရန်၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်များ ဖြစ်စေရေး တတ်နိုင်သမျှပြည့်စုံအောင် ကြိုတင်စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အသက်ပြည့်မီသည့် ကျောင်းသား ကျောင်းသူများ အပါအဝင် မိဘပြည်သူများ၊ တိုင်းရင်းသားပြည်သူများ အားလုံးအနေဖြင့် ရွေးကောက်ပွဲ၏အခြေအနေနှင့် အနှစ်သာရကိုသိရှိကြပြီး မဲပေးခွင့်ရှိသူများ၏ အခွင့်အရေး မဆုံးရှုံးရအောင် ဆန္ဒမဲပေးကြရန်မှာကြားလိုကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ကူးပြောင်းရေးတွင် နိုင်ငံသားတစ်ယောက် ရသင့်သည့်အခွင့်အရေး လက်လွတ်မခံသင့်ကြောင်းကို ပြောကြားလိုကြောင်း။
နောက်တစ်ချက်အနေဖြင့် ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလည်းရှိနေကြောင်း၊ ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးဟန့်တားခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန် အဓိကဖြစ်သည့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဖျက်အမှောင့်လုပ်ရပ်များကို ထိန်းသိမ်းကာကွယ်သွားကြရန်၊ ပြည်သူအားလုံးပါဝင်ရန်နှင့် ပူးပေါင်းရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံးက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း။
ပညာရေးဝန်ထမ်းများအနေဖြင့် လက်ရှိပညာရေးစနစ်ကို ပြန်လည်လေ့လာသုံးသပ်ပြီး အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ်ထူထောင်နိုင်ရန်နှင့် နိုင်ငံကိုအကျိုးပြုနိုင်သည့် ပညာတတ်လူငယ်အရေအတွက်များစွာ ပေါ်ထွက်လာအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ထူးချွန်မောင်မယ်တွေအနေဖြင့် နိုင်ငံ့ပုံရိပ်ကို ပညာဖြင့် မြှင့်တင်ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်းကို လေးလေးနက်နက်ခံယူပြီး တိုင်းပြည်တည်ဆောက်ရေးတွင် ကျရာအခန်းကဏ္ဍကနေ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဝိဇ္ဇာဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအားလည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဘာသာစုံဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” တေးသရုပ်ဖော်တင်ဆက်မှုဖြင့် လည်းကောင်း၊ “မြန်မာ့ကျောင်း” တေးသီချင်းကိုသီဆို၍လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အခမ်းအနားတက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။