နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖေဖော်ဝါရီ ၈ ရက် တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ထုတ်နုတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ ထပ်ဆင့်ညွှန်ကြား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအုပ်ချုပ်မှုရုံး၌ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး လက်ရှိ လုပ်သက်ခွင့်ယူထားသူများကို ဖေဖော်ဝါရီ ၂၄ ရက်အထိသာ ခံစားခွင့်ပြုခဲ့သဖြင့် မီးဖွား ခွင့်နှင့် အရေးကြီးသော ကျန်းမာရေး ကိစ္စများမှအပ ကျန်ကိစ္စများဖြင့် အကြောင်းအမျိုးမျိုး ကြောင့် လုပ်သက်ခွင့်ယူ ထားသူများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန် ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်ခြင်းမရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဝန်ထမ်းတစ်ဦးချင်းစီသို့ အကြောင်းကြားစာပေးပို့ခဲ့ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများမှာ Covid-19 Lockdown ၊ Stay at Home ကြောင့် အခက်အခဲများဖြစ်ခဲ့ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည်လုပ်ငန်းအားဖြင့် လုံခြုံမှုအပြည့်ရှိပါကြောင်း၊ အခြားအခွင့် အလမ်းများဖြစ်သည့် နေထိုင်ရေး ကိစ္စများ၊ ပြည်ပသင်တန်းကိစ္စများ၊ ပင်စင်လစာစသည့် အခွင့် အလမ်းများရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ရခြင်းကို ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဝန်ထမ်း များနှင့် အာမခံချက်၊ အခွင့်အရေးမတူပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည် စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေသည့်အတွက် ရေရှည်တွင် ဝန်ထမ်းများအတွက် ဘဝအာမခံချက်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ရုံးတက်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း( ၃ ) မျိုးရှိသည့် အနက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဘဝ အာမခံချက် အတည်ငြိမ်ဆုံးနှင့် တက်လမ်းများရှိသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အမြဲဂုဏ်ယူရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ စနစ်ကျမှုစသည့် အချက် များနှင့်အညီ ထိထိရောက်ရောက် လည်ပတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစိုးရအပြောင်း အလဲ မည်သို့ပင်ရှိရှိ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်း မိသားစုဘဝများ ပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ထုတ်နုတ်၍ Zoom Meeting ဖြင့် တက်ရောက်လာကြသော ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများ၏ ရုံးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများကို ချပြရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဓိကအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူ လူထုသို့ ပြောကြား ခဲ့သည့် မိန့်ခွန်းအပေါ် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နားလည်သဘော ပေါက်စေလိုပါကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များနှင့် အခြားတင်ပြချက်များ ရှိပါက တင်ပြနိုင်ပါကြောင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် စုပေါင်းတိုင်ပင်ဆွေးနွေးဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)