Skip to main content

တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၄

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ ဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါကော်မတီအစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်ပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် တောင်သူများဓာတ်မြေဩဇာသုံးစွဲရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားမြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းသတ်မှတ်ပေးထားကြောင်း၊ ရည်ညွှန်းဈေးနှုန်းကို အခြေခံ၍သယ်ယူစရိတ်နှင့် တင်ချခတို့ကို ထည့်ပေါင်းပြီး အမြတ်မယူဘဲ တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယူရီးယား ဓာတ်မြေဩဇာတင်သွင်းသောကုမ္ပဏီများကို တင်ဒါ၊ ယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားခဲ့သည်။

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် ပြည်ပတွင် ယူရီးယားမြေဩဇာဈေးနှုန်းများ မတည်ငြိမ်မှုကြောင့် ပြည်တွင်း ကုမ္ပဏီတစ်ခုချင်းအလိုက် တင်သွင်းရန် အခက်အခဲရှိနေကြသဖြင့် စိုက်ပျိုးချိန်ရာသီအမီ အချိန်မီတင်သွင်းနိုင်ရေးအတွက် ကုမ္ပဏီများကို စုပေါင်းပြီး သမဝါယမစနစ် Consortium ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည့်အပြင် တင်သွင်းရာတွင် ပစ္စည်းမပြတ်လပ်အောင် အသုတ်လိုက် စီစဉ်ပေးကာတင်သွင်းမှုအတွက် ဈေးနှုန်းပျမ်းမျှတွက်ချက်ပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးထားကြောင်း အစည်းအဝေးမှ သိရသည်။

ထို့ပြင် ဓာတ်မြေဩဇာအရည်အသွေးနှင့် အလေးချိန်မှန်ကန်ရေး၊ သတ်မှတ်ရောင်းဈေးထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ဈေးကစားခြင်းများမရှိစေရေး၊ တောင်သူများသုံးစွဲမှု ရှိ/မရှိ၊ မြေပြင်လက်ကျန်စာရင်း မှန်ကန်မှုရှိမရှိတို့ကိုလည်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်