Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၄

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်နှင့် လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ညီရန်းတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်၍ ဆွေးနွေးပွဲပထမရက်၌ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များအား ဆွေးနွေးပြီးနောက် နှစ်ရက်တာဆွေးနွေးညှိနှိုင်းရရှိမှုများအား မှတ်တမ်းတင်ကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာ ဆွေးနွေးချက်များမှ ပြည်ထောင်စုမပြိုကွဲရေးနှင့် ခွဲမထွက်ရေး၊ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရေး၊ နှစ်ဖက်ခေါင်းဆောင်များ သီးသန့်တွေ့ဆုံဆွေးနွေးမှုမှ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ ညှိနှိုင်းရရှိချက်များအား မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။ ယင်းနောက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်မှ နိုင်ငံတော်ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဒေသတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှုရလဒ်များ ရရှိခဲ့ပါကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောတူညီမှုများ တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာလျှောက်လှမ်းရန် ထောက်ခံပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်း သားလူမျိုးများနှင့် လူမှုအဖွဲ့အစည်းအားလုံးက အချင်းချင်းသည်းခံမှု၊ အတူယှဉ်တွဲနေထိုင်မှု အယူအဆကို လက်ကိုင်ထားကာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ကူညီဖေးမမှုတို့ဖြင့် နေထိုင်ကြရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အတူယှဉ်တွဲနေထိုင်မှုသည် နိုင်ငံတော်၏ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သည်းခံမှု၊ အပြန် အလှန်ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို အမြဲတစေလိုက်နာပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ပုံမုန်ဆက်သွယ်မှုထားရှိကာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်မှုရှိသော အခင်းအကျင်းကို အတူတကွထိန်းသိမ်းသွားရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတွန်းအားပေးဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နှစ်ရက်တာ ဆွေးနွေးမှုများကို နက်နက်ရှိုင်းရှိုင်းဆွေးနွေးနိုင်ခဲ့ပြီး အောင်မြင်သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)သည် မြန်မာ- တရုတ်နယ်နိမိတ်အနီးတွင်တည်ရှိပြီး သံတမန်ဆက်ဆံရေးအတွက်လည်း အရေးကြီးသည့်နေရာ တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့နှစ်ဖွဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ-တရုတ်ဆက်ဆံရေးအတွက် အရေးကြီးသည့် အထောက်အပံ့ဖြစ်ပါကြောင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် NSPNC အမြဲထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ “ဝ” တိုင်းရင်းသားများသည်လည်း မြန်မာနိုင်ငံတိုင်းရင်းသားများဖြစ်သည့်အတွက် ဆက်လက်ပြီး ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ NSPNC အနေဖြင့် မည်သည့်တိုင်းရင်းသားမဆို တိုင်းရင်းသားညီအစ်ကိုရင်းချာသဖွယ် သတ်မှတ်ပြီး တန်းတူဆွေးနွေးဆောင်ရွက်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် အလွန်တန်ဖိုးရှိသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်များစွာရှိသည့် ခြေလှမ်းများကို ရှေ့ဆက်လက် လျှောက်လှမ်းနိုင်ရေး အစပြုခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။               

သတင်းစဉ်